ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား သံဃာ လေးပါး ပျံလွန်တော်မူ ကိုရင် ကိုးပါးနှင့် လူနှစ်ဦး ဒဏ်ရာရ

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇီးဝန်းကျေးရွာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမပေါ်တွင် ဒီဇင်ဘာ ၁၀ ရက် ည ၁၁ နာရီခွဲခန့်က ယာဉ်နှစ်စီး တိုက်မိမှုဖြစ်ပွားခဲ့သဖြင့် သံဃာ နှစ်ပါး၊ ကိုရင် နှစ်ပါး ပျံလွန်တော်မူ၍ ကိုရင် ကိုးပါး၊ လူ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ယာဉ်မောင်း ဦးတင်မြိုင် (၄၉)နှစ် ကမာစိုင်ကျေးရွာ သထုံ မြို့နယ်နေသူ မောင်းနှင်ပြီး ရဟန်းသံဃာ/ ကိုရင် /လူ စုစုပေါင်း ၁၅ ဦး လိုက်ပါလာသော Toyota Hilux အပြာရောင် ယာဉ်သည် ဘီးလင်းမြို့နယ် ဇီးဝန်းကျေးရွာ လမ်းသွယ်မှ သထုံမြို့ဘက်သို့  ဦးတည်ကာ မိုင်တိုင်အမှတ် (၁၃၀/၅ နှင့် ၆) အကြား ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမပေါ်သို့ ဖြတ်ထွက် ချိုးကွေ့မောင်းနှင်လာစဉ် သထုံမြို့ဘက်မှ ကျိုက်ထိုမြို့ဘက်သို့ (ယာဉ်မောင်းစုံစမ်းဆဲ) မောင်းနှင်လာသည့် ယာဉ်အမှတ် YGN 6E------ Nissan ၏အဖြူရောင် ခြောက်ဘီး ကုန်တင်ယာဉ်နှင့် တိုက်မိခဲ့ပြီး ကုန်တင်ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။ 

 

ယင်းဖြစ်ရပ်ကြောင့် ဥူးသာသန၊ ဥူးနန္ဒသာရ၊ ရှင်ဝါဒသာမိနှင့် ကိုရင်တစ်ပါး (ရွှေညောင်ပင် ပရိယတ္တိစာသင်တိုက် ကမာစိုင်ကျေးရွာ)တို့မှာ ဘီးလင်းဆေးရုံသို့ တင်ပို့ကုသစဉ် ပျံလွန်တော်မူပြီး အခြားဒဏ်ရာရရှိသူ ကိုရင် ၉ ပါး နှင့် လူ ၂ ဦးတို့အား ဆေးရုံတွင် ဆေးကုသခံယူနေရကြောင်းနှင့် အဆိုပါဖြစ်စဉ်အား ဘီးလင်းမြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

ခွန်(ဝင်းပ)