ရန်ကုန်-မြိတ် ယာဉ်လိုင်း ရွှေမန္တလေးခရီးသည်ယာဉ်ပေါ်၌ ခရီးသည်တစ်ဦး သေဆုံးမှုဖြစ်ပွား

ကလိန်အောင်   ၄  ဇူလိုင်          

မွန်ပြည်နယ်- တနင်္သာရီတိုင်းဒေသကြီးနယ်စပ် ကလိန်အောင်မြို့ မလွှဲတောင်ပူးပေါင်း စစ်ဆေးရေး ဂိတ်၌ ယာဉ်/အဝင်ထွက်နှင့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ဇူလိုင် ၄ ရက်နံနက် ၃ နာရီခန့်က ရန်ကုန်-မြိတ် ယာဉ်လိုင်းပြေးဆွဲနေသည့် ရွှေမန္တလေး ခရီးသည်ယာဉ်ပေါ်၌ ခရီးသည်တစ်ဦး သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။

 

တနင်္သာရီတိုင်း နယ်စပ်ဂိတ်အဝင် ရေး-ထားဝယ်ကားလမ်း၊ မလွှဲတောင်စစ်ဆေးရေးဂိတ်အရောက် ကျန်းမာရေး ဆေးစစ်မှုခံယူရန် ခရီးသည်များ ယာဉ်ပေါ်မှ ဆင်းသက်စဉ် မောင်မျိုးဇော်လင်းမှ ဆင်းသက်ခြင်းမရှိသဖြင့် အတူလိုက်ပါလာသော ညီဖြစ်သူ အောင်ခန့်ဇော်၊ ယာဉ်နောက်လိုက် ဉာဏ်ဝင်းအောင်တို့မှ အိပ်ပျော်နေသည်ထင်၍ သွားရောက်နှိုးစဉ် နှိုးမရသဖြင့် ကြည့်ရှုရာ မောင်မျိုးဇော်လင်းမှာ အသားများ အေးစက်နေပြီး အသက်မရှူတော့ဘဲ မျက်ဖြူလန်၍ သေဆုံးနေသဖြင့် မလွှဲတောင် စစ်ဆေးရေးဂိတ်ရှိ ဇမ္ဗူသီရိအရေးပေါ်လူနာတင်ယာဉ်ဖြင့် ကလိန်အောင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မောင်မျိုးဇော်လင်း သေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိရန်အတွက် ကလိန်အောင်မြို့ နယ်မြေရဲစခန်းမှ သေမှု၊ သေခင်းအမှတ်စဉ် (၂/၂၀၂၀)ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးမိုးခိုင်