ရန်ကုန်-ရန်ကင်း Covid Care Center တွင် ပြည်သူများ အခမဲ့ လာရောက်ကုသနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားပြီး အရေးပေါ်ဆက်သွယ်နိုင်သော တယ်လီဖုန်း (Hotline) နံပါတ်များထားရှိ

ရန်ကုန် ဩဂုတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ဖွင့်လှစ်ထားသော ရန်ကုန်- ရန်ကင်း Covid Care Center တွင် ပြည်သူများ အခမဲ့ လာရောက်ကုသနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိရာ ပြည်သူများ အခက်အခဲမရှိစေရန် အရေးပေါ်ဆက်သွယ်နိုင်သော (Hotline) တယ်လီဖုန်းနံပါတ်များကို ဩဂုတ် ၁၇ ရက် နံနက်ပိုင်းမှစတင်၍ လက်ခံဖြေကြားပေးလျက်ရှိကြောင်း သိရှိရသည်။

ဦးစွာ လာရောက်ဆေးကုသသော လူနာတစ်ဦးစီတိုင်း အသုံးပြုနိုင်ရန်အတွက် ၄၀ လီတာ အောက်စီဂျင်အိုးများ ထားရှိပေးထားပြီး Oxygen Concentrator အလုံး (၄၀၀)ကျော်ကိုလည်း စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။

ထို့ပြင် ကိုယ်ပိုင်အောက်ဆီဂျင်စက် တည်ဆောက်ထားကာ တက်ရောက်ကုသလိုသည့် လူနာများအနေဖြင့် (၂၄)နာရီပတ်လုံး ဆက်သွယ်နိုင်သော အရေးပေါ် (Hotline) တယ်လီဖုန်းများလည်း ထားရှိဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

အဆိုပါ ရန်ကုန်-ရန်ကင်း Covid Care Center အား လေးကျွန်းသူဖောင်ဒေးရှင်းနှင့် မဟာမိတ်အသင်း(၅)ဖွဲ့ အပါအဝင် စေတနာရှင်များ၏ လှူဒါန်းမှုများဖြင့် အခမဲ့ ဖွင့်လှစ်ကုသ ဆောင်ရွက်ခြင်းဖြစ်ပြီး အစားအသောက်နှင့် ဆေးဝါးများအားလုံးကိုလည်း စင်တာမှ အခမဲ့ တာဝန်ယူဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ လူနာ ၆၀၀ ခန့် တပြိုင်တည်း ကုသမှုပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။

ရန်ကုန်-ရန်ကင်း Covid Care Center တွင် လာရောက်ကုသလိုသည့် လူနာရှင်များအနေဖြင့် သက်ဆိုင်ရာ ဒေသန္တရမှ ထုတ်ပေးသော ကျန်းမာရေး ထောက်ခံချက်ပါရှိရမည်ဖြစ်ပြီး ရောဂါကူးစက်မှု မပျံ့နှံ့စေရန်နှင့် ရောဂါသည်များ လျော့ကျစေရန် မဖြစ်မနေ အရေးကြီးသော လူနာများအတွက်သာ လူနာစောင့်တစ်ဦး ထားရှိရမည်ဖြစ်ကြောင်းနှင့် အရေးပေါ် တယ်လီဖုန်း (Hotline) နံပါတ်များဖြစ်သော ဦးအောင်လှိုင်ဦး (09-441992421)၊ ဦးသန်းထိုက်ကျော် (09-441992373)နှင့် ဒေါ်ကြည်ပြာဘုန်းမြင့် (09-443582425) ထို့ထံ ဆက်သွယ်၍ (၂၄) နာရီ အခမဲ့ ဆေးကုသမှုခံယူနိုင်ကြောင်း သတင်းရရှိသည်။

စန္ဒာမိုး(ပြန်/ဆက်)