ရန်ကုန်စျေးကွက်တွင် အိမ်၊ ခြံ၊ မြေ ဝယ်ယူရင်းနှီးမြုပ်နှံသူ နည်းပါးနေပြီး ရွှေစုသူ အရေအတွက် များနေ

ရန်ကုန် ဧပြီ ၂၄

ရန်ကုန်စျေးကွက်တွင် အိမ်၊ခြံ၊မြေ ဝယ်ယူရင်းနှီးမြုပ်နှံသူ နည်းပါးနေပြီး ရွှေစုသူ အရေအတွက် များနေကြောင်း စျေးကွက်အတွင်း မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

“လက်ရှိမှာက အိမ်၊ခြံ၊ မြေ ကို ဝယ်တာထက်လေ ရွှေစုတဲ့သူများတယ်။ ဒါကို စျေးကွက်ထဲမှာ မေးကြည့်လဲရတဲ့ အနေအထားပေါ့။ လူတွေက ရွှေစုရတာကို အရင်တည်းက ပိုကြိုက်တဲ့သဘောလည်း ရှိတယ်။ အခုကတော့ အိမ်နဲ့ ရွှေပေါ့နော် ရွေးစရာ ဖြစ်လာခဲ့ရင် အိမ်ထက် ကိုယ့်ဆီမှာ ပိုပြီးထားလို့ ရတဲ့ ရွှေကို ဝယ်စုတာလည်း ရှိလာတယ်။ ဆိုတော့ ဒါက စျေးကွက်တစ်ခုလုံး သက်ရောက်တာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် စုကြတဲ့ အနေအထားမှာတော့ ဒီလို ဖြစ်နေတာပဲ။ ဥပမာ ပွဲစားတွေကို ဖုန်းဆက်ကြည့်ဗျာ။ အိမ်အရောင်းအဝယ် ကောင်းလားမေးရင် မကောင်းဘူး ပြောလိမ့်မယ်။ ဒါပေမယ့် အငှားကတော့ စျေးကွက်တော်တော်ကောင်းတယ်။ စျေးတွေကလည်း မြောက်တယ်” ဟု စီးပွားရေး ပညာရှင်တစ်ဦးက သုံးသပ် ပြောကြားသည်။

လက်ရှိ အခြေအနေအရ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်နှင့် ပတ်သက်၍ ခန့်မှန်းရန် စောနေသေးပြီး မြေပြင်အခြေအနေကို ပြောရမည်ဆိုပါက စျေးကွက် တည်ငြိမ်ပြီး အေးနေသည့် အနေအထားဖြစ်ကာ ခေါ်စျေးနှင့် ပေးစျေး ကွာဟနေသည့် အနေအထား ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ "ရွှေဈေးတက်လို့ ငွေဈေးတက်လို့ ဆိုပြီးတော့ အိမ်ခြံမြေတွေကို ပိုပြီးရင်းနှီးမြုပ်နှံမယ်လို့ ထင်ကြတာ။ ဒါပေမယ့် လက်တွေ့မှာကြတော့ သိပ်မရင်းနှီးကြတော့ဘူး။ ရွှေလောက်ပဲကိုင်ထားကြတာကို လက်ရှိတွေ့တယ်။ ရွှေအရောင်းအဝယ်လုပ်တဲ့သူတွေဆီနေကြားရတာပေါ့။ အငှားဈေးကွက်မှာဆိုရင် လုံးခြင်းအငှား ၊ တိုက်ခန်းအငှား၊ ကွန်ဒိုအငှားဈေးကွက်ကပိုဖြစ်တယ်။ အရောင်းအဝယ်က ဘာလို့မဖြစ်လဲဆိုတော့ ဝယ်ပြီးရင် ရောင်းဖို့ကြာတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုကို သိပ်မလုပ်ကြတော့ဘူး။ ဝယ်လိုက်ပြီဆိုရင်ပြန်ငှားကြတယ်။  မရောင်းကြတော့ဘူး။ အပိုင်ဝယ်ပြီးပြန်ငှားကြတာများတယ်။ ဒါက တောင်ဥက္ကလာပ တစ်မြို့နယ်တည်း မဟုတ်ဘူး။ ရန်ကုန်မှာရှိတဲ့မြို့နယ်တိုင်း မြို့နယ်တိုင်းပေါ့။ ဒီတော့အရောင်းအဝယ်ထက်စာရင် အငှား ဈေးကွက်ပိုဖြစ်တယ်လို့ ပြောလို့ရတယ်" ဟု မြန်မာနိုင်ငံ အိမ်၊ခြံ၊ မြေ ဝန်ဆောင်မှု ဝန်ဆောင်မှုအသင်း (တောင်ဥက္ကလာပမြို့နယ်) မှ ဥက္ကဌ ဒေါ်နှင်းနွယ်ဦးက ဆိုသည်။

ထိုသို့ အိမ်၊ ခြံ၊ မြေ စျေးကွက်တွင် အားလုံးကို ခြုံကြည့်လိုက်မည် ဆိုပါက မြေအရောင်းအဝယ်မှာ ပိုမို ဖြစ်ကြောင် သိရသည်။

"ဆေးရုံဆောက်ချင်တဲ့သူတွေ၊ ရှော့ပင်းစင်တာ ဆောက်ချင်တဲ့သူတွေ၊ နောက်ဆိုင်ဖွင့်ချင်တဲ့သူတွေပေါ့ မြေကွက်ကတော့ အရောင်းအဝယ် နည်းနည်းလေးဖြစ်တယ်။ တောင်ဥက္ကလာပမြို့နယ်မှာလည်း ဖြစ်တယ် နောက်တခြားမြို့နယ်တွေမှာလည်း မြေကွက်အရောင်းအဝယ်က နည်းနည်းတော့ဖြစ်တယ်ပေါ့ အိမ်အရောင်းအဝယ်ဖြစ်လားဆိုတော့ဖြစ်တော့ဖြစ်တယ် ဒါပေမယ့်မြေကွက် အရောင်းအဝယ်ကပိုဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

Thit Taw