ရန်ကုန်မြစ်အတွင်း၌ ငါးဖမ်းရေယာဉ်တစ်စင်း ကျောက်ချထားစဉ် ကျောက်ကြိုးပြတ်၍ ရေစီးနှင့်မျှောကာ ဒလဘက်ခြမ်းရှိ ချဉ်းကပ်ယာယီတံတားအား ဝင်ရောက်တိုက်မိမှုဖြစ်ပွား

ရန်ကုန် ၁၅ မတ်

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကမာကသွယ်ရပ်ကွက်ရှိ ဆိပ်ကမ်း၌ ငါးဖမ်းရေယာဉ်တစ်စင်း ကျောက်ချထားစဉ် ကျောက်ကြိုးပြတ်၍ ရေစီးနှင့်မျှောကာ ဒလဘက်ခြမ်းရှိ ရေလယ်ချဉ်းကပ် ယာယီတံတားအား ဝင်ရောက်တိုက်မိမှု မတ် ၁၄ ရက် ည ၆ နာရီ ၄၅ မိနစ်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

aw3

 

ရန်ကုန်မြစ်အတွင်း (ဒလ)ဘက်ခြမ်း တံတားတည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်ဧရိယာတွင် ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် ထာဝရပိုင်အောင်(၃) ငါးဖမ်းကဲ့ရေယာဉ် တစ်စင်းသည် ပုစွန်တောင်မြို့နယ် ပုစွန်တောင်ချောင်းမှတစ်ဆင့် ဒလမြို့နယ် ကမာကသွယ်ရပ်ကွက်ရှိ ဆိပ်ကမ်း၌ ကမ်းထိုးရန် ကျောက်ချထားစဉ် ကျောက်ကြိုးပြတ်၍ ရေစီးနှင့်အတူမျှောကာ ဒလဘက်ခြမ်း ချဉ်းကပ်ယာယီတံတား ပိုင်တိုင်အမှတ် 2D-9 ၏ အောက်ခြေဘေလီကို ဝင်ရောက်တိုက်မိပြီး ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်ပွားရာနေရာသို့ CCECC ကုမ္ပဏီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ငါးဖမ်းရေယာဉ်ပေါ်တွင် ပဲ့နင်း ဦးပိုင်ပိုင်နှင့် လှေသား(၁၆)ဦး ပါရှိကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

နိုင်လင်းကျော်(ဒလ)