ရန်ကုန်မြို့ ဘတ်စ်ကားစီး ပြည်သူတွေအတွက် YBS ကတ်စနစ် လာတော့မည်

ဝေယံဦး

 

ရန်ကုန်မြို့မှာ နေ့စဉ်ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားတွေမှာ ယာဉ်စီးခပေးချေမှုကို ကတ်စနစ်နဲ့ ပေးချေနိုင်ဖို့အတွက် စမ်းသပ်မှုတွေ ဇန်နဝါရီ ၆ ရက်က စတင်ပြုလုပ်နေပြီ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်း သဉ္ဇာမျိုးက ဇန်နဝါရီ ၈ ရက်က ပြောကြားထားပါတယ်။

 

အဲဒီသတင်းစကားဟာ ရန်ကုန်မြို့နေသူတွေ ဘတ်စ်ကားစီး ပြည်သူတွေအတွက်ကတော့ မင်္ဂလာသတင်းပါပဲ။ YBS ယာဉ်စီးခပေးချေမှုကို ကတ်စနစ်နဲ့ ပြောင်းလဲဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းစကားတွေ ကြားကတည်းက YBS ဘတ်စ်ကားစီးပြည်သူတွေ ဘယ်တော့များ အကောင်အထည်ဖော် ဆောင်ရွက်မလဲလို့ မျှော်လင့်နေကြတာပါ။

 

ရန်ကုန်မြို့မှာ နေ့စဉ် YBS ယာဉ်စီးခ ၂၀ဝ ကျပ်ကို ပေးချေနိုင်ဖို့အတွက် ငွေကျပ် ၂၀ဝ တန်ကို ဈေးဆိုင်တွေမှာ တကူးတကလိုက်လံလဲလှယ်ရတာ နေ့စဉ်အလုပ်တစ်ခုလို ဖြစ်နေပါတယ်။ ငွေကျပ် ၂၀ဝ မရှိဘဲ တစ်ထောင်ကျပ်နဲ့ ငါးရာကျပ်တန်တွေနဲ့ဆိုရင် ကားပေါ်ရောက်ပြီး ထိုင်ခုံနေရာ ရှိနေပေမယ့် သွားထိုင်လို့မရဘဲ ငွေပုံးနားမှာ မတ်တတ်ရပ်ပြီး နောက်တက်လာမယ့် ခရီးသည်တွေထံက ငွေကျပ် ၂၀ဝ ကိုတစ်ဦးချင်း စုဆောင်း ကောက်ယူနေရတဲ့ ဒုက္ခကလည်း ကိုယ်တိုင်လည်းအကြိမ်ကြိမ် ကြုံတွေ့နေရဆဲဖြစ်သလို ကိုယ်လိုခရီးသည် တွေကိုလည်း နေ့စဉ်မရိုးနိုင်အောင် မြင်တွေ့နေရပါတယ်။

 

YBS ယာဉ်စီးခကို မှန်မှန်ကန်ကန်တိတိကျကျ ငွေပုံးထဲထည့်ပြီး စီးချင်ပေမယ့် ကြာရှည် ငွေပုံးနားမှာ မရပ်နိုင်တဲ့ အချို့ခရီးသည်တွေကတော့ တစ်ထောင်တန်၊ ငါးရာတန်ငွေစက္ကူတွေကို အကုန်ထည့်ပြီး စီးလာကြတဲ့သူတွေလည်း တွေ့ရပါတယ်။

 

ဒီလိုခရီးသည်တွေ နေ့စဉ်နဲ့အမျှ စိတ်ဒုက္ခရောက်နေရတဲ့အတွက် YBS ယာဉ်စီးခ ပေးချေနိုင်တဲ့ ကတ်စနစ်ကို မျှော်လင့်စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။ တချို့ YBS ယာဉ်စီးတဲ့သူအချို့က ငွေကျပ် ၂၀ဝ အစား ငွေကျပ် ၁၅၀ နဲ့ ၁၀ဝ ကျပ် တွေထည့်ပြီး စီးတာတွေကြောင့် ယာဉ်ပိုင်ရှင်တွေဘက်မှာ နစ်နာမှုတွေ ရှိပေမယ့် တချို့ခရီးသည်တွေက အမှန်တကယ်ငွေကျပ် ၂၀ဝ မရှိလို့ ဒီအတိုင်းပါရှိတဲ့ငွေကို ထည့်လိုက်တာ ဖြစ်နိုင်သလို တချို့ခရီးသည်တွေကတော့ တမင်တကာယာဉ်စီးခကို အပြည့်အဝမထည့်ဘဲ စီးသူတွေလည်းပါရှိနိုင်ပါတယ်။

 

ဒီလို အခက်အခဲတွေ ပြေလည်မှုရှိအောင်၊ နှစ်ဦးနှစ်ဖက်နစ်နာဆုံးရှုံးမှု မရှိနိုင်အောင်၊ တိကျတဲ့ ယာဉ်စီးခကို ပေးချေနိုင်အောင် အခုလို ကတ်စနစ်ဟာ အကောင်းဆုံးဖြစ်တာမို့ မြန်မြန် အကောင်အထည်ဖော်နိုင်ဖို့ YBS စီးတဲ့ ခရီးသည် တွေ ဆုတောင်းနေကြတာပဲ ဖြစ်ပါတယ်။ ရန်ကုန် မြို့မှာ YBS ဘတ်စ်ကားတွေ စတင်ပြေးဆွဲကတည်းက ယာဉ်နောက်လိုက်တွေ မပါလို့ ခရီးသည်တွေ ကျေနပ်နှစ်သိမ့်ခဲ့ရသလို လေအေးစက်တပ် ဘတ်စ်ကားတွေကြောင့် ခရီးသည်တွေ အဆင်ပြေစွာ စီးနင်းနိုင်နေတာကလည်း လက်တွေ့ပဲ ဖြစ်ပါတယ်။

 

YBS ယာဉ်စီးခကို ကတ်စနစ်နဲ့ ပေးချေနိုင် မှုအတွက် ကြိုးစားဆောင်ရွက်နေမှုနဲ့ ပတ်သက်ပြီး ကတ်ကတော့ ပြုလုပ်မှု ပြီးစီးနေပြီဖြစ်သလို ဗဟိုဘဏ်ကလည်း ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်တွေမှာ စတင်စမ်းသပ်မှာဖြစ်ပြီး အဆင်ပြေရင် ကတ်နှစ် သန်းလောက်ထုတ်ဖို့ စီစဉ်မှာဖြစ်ပါတယ” လို့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်း သဉ္ဇာမျိုးက ပြောပါတယ်။

 

YBS ယာဉ်စီးခကို ကတ်စနစ်နဲ့စတင် အသုံးပြုချိန်မှာအဆင်ပြေပြီး သုံးစွဲမှုကျွမ်းဝင် သွားရင်တော့ ကိုယ်စီးသွားမယ့် ခရီးအကွာအဝေး အလိုက် ယာဉ်စီးခဖြတ်တောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယာဉ်ကြော ပြောင်းစီးရင်လည်း ကိုယ်စီးသွားတဲ့ ခရီးအကွာအဝေးကိုသာ ယာဉ်စီးခတွက်ချက်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုကတ်စနစ်ကို အောင်မြင်စွာ အသုံးပြုနိုင်ရင်တော့ YBS စီးသူရော၊ ကားပိုင်ရှင်တွေပါနစ်နာမူ၊ အခက်အခဲနဲ့တွေ့ ကြုံရမူနည်းပါးသွားမှာ ဖြစ်ပါတယ်။

 

ရန်ကုန်မြို့မှာ နေ့စဉ်ဘတ်စ်ကားနဲ့ စီးပြီး သွားလာသူဟာ တစ်နေ့ကိုလူ နှစ်သန်းခန့်ရှိတယ်လို့လည်း သိရပြီး မြို့ပတ်ရထားနဲ့စီးပြီး သွားလာသူကတစ်နေ့ကို ၈၀ဝ၀ဝ ခန့်ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် YBS ယာဉ်စီးခအတွက် နေ့စဉ်ငွေ ကြေးအခက်ခဲကြုံတွေ့နေရမှု ပြဿနာဟာ ကတ်စနစ်ကောင်းမွန်ခဲ့ရင်တော့ အခက်ခဲတွေကိုကျော် လွှားနိုင်တော့မှာ ဖြစ်ပါတယ်။

 

ရန်ကုန်မြို့မှာ ရေယာဉ်၊ မြို့ပတ်ရထားအပြင် ဘတ်စ်ကားတွေနဲ့ နေ့စဉ်သွားလာကြတဲ့အခါ YBS ဘတ်စ်ကားနဲ့ စီးပြီးသွားလာကြတာ အများဆုံးဖြစ်ပါတယ်။ ဒါကြောင့်လည်း ရန်ကုန် မြို့မှာ YBS ယာဉ်လိုင်းပေါင်း ၁၀ဝ ခန့်ရှိနေပြီး ယာဉ်ပေါင်း ၆၀ဝ၀ ခန့်နဲ့ နေ့စဉ်ပြေးဆွဲနေရတာ ဖြစ်ပါတယ်။ YBS ဘတ်စ်ကားတွေနဲ့ သွားလာတဲ့အခါ ယာဉ်စီးခထည့်သွင်းမှု၊ ရှေ့ပေါက်မှတက်ပြီး နောက်ပေါက်မှ ဆင်းရမှုစတဲ့ အခြေခံယဉ်ကျေးမှု လေးတွေကတော့ ခရီးသွားပြည်သူတွေလိုလားစွာ လိုက်နာကျင့်သုံးနိုင်နေပြီ ဖြစ်ပါတယ်။

 

နိုင်ငံတကာမှာလည်း မြို့တွင်းဘတ်စ်ကား စီးတဲ့အခါ ကတ်စနစ်ကို အသုံးပြုနေကြတာမို့ ရန်ကုန် မြို့ရဲ့ YBS ဘတ်စ်ကားစီးပြည်သူတွေအတွက် ကတ်စနစ်နဲ့ပေးချေမှုဟာ အချိန်တိုအတွင်းအလျင် အမြန်အသားကျသွားမှာ ဖြစ်ပါတယ်။ YBS မှာ ပြေးဆွဲနေတဲ့ အများပိုင်ကုမ္ပဏီတွေကတော့ လူထုမိတ်ဆွေ၊ ကုန်းဘောင်ရန်ကုန်၊ Power eleven၊ ဗန္ဓုလ၊ YBPC၊ ရွှေတောင်ပိုင်း ခရိုင်၊ အမြင့်မြတ်ဆုံးအင်အား၊ ရွှေပြည်သာသား၊ စံဝေလ၊ Omni FocusTrans LinkGYCTAero StarRCBT စတဲ့ကုမ္ပဏီတွေ ဖြစ်ပါတယ်။

 

ရန်ကုန်မြို့နေ YBS ဘတ်စ်ကားစီး ပြည်သူ တွေအတွက်တော့ နေ့စဉ်ယာဉ်စီးခ ငွေကျပ် ၂၀ဝ ကိစ္စကိုဖြေရှင်းတဲ့ ကတ်စနစ်ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ စောင့်မျှော်နေကြတာ အမှန်ပါပဲ။

 

မြန်မာ့အလင်း