ရန်ကုန်မြို့ ကျောင်းကားစနစ်သစ် စတင်ကျင့်သုံး၊ ယာဉ်လမ်းကြောင်းနှင့် လိုအပ်ချက်များကို ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးမည်

ရန်ကုန် ၁ ဇွန် 

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းကားစနစ်သစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်မှ စတင်၍ ကျောင်းနှစ်ကျောင်းတွင် စံပြအနေဖြင့် စတင်ကျင့်သုံးလျက်ရှိပြီး ယာဉ်လမ်းကြောင်းနှင့် လိုအပ်ချက်များအား ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်။

YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က “ ဒီနေ့မှာတော့ ကျောင်းကား လိုအပ်တယ်လို့ တင်ပြတဲ့ကျောင်း ၂ ကျောင်းကို စံပြအနေနဲ့ စတင်ပြေးဆွဲပေးတာ ဖြစ်ပါတယ်။ ကျောင်းသားတွေအတွက် လုံခြုံစိတ်ချရအောင် ကျောင်းကားတွေကို စီစဉ် ဆောင်ရွက်ထားပါတယ်။ ယာဉ်စီးခတွေကို အပြင်ပေါက်ဈေးနဲ့ အနီးစပ်ဆုံးဖြစ်အောင် ဆောင်ရွက်ထားပါတယ်။ ကားတစ်စီးကို ကျောင်းသား ၂၈ ဦးဆံ့ပါတယ်။ လက်ရှိအခြေအနေမှာတော့ ယာဉ်လမ်းကြောင်း တစ်ခုကို ၁၅ ဦးလောက်ရှိရင် ကျွန်တော်တို့အနေနဲ့ ကျောင်းကား စီစဉ်ပေးသွားမှာပါ´´ဟုပြောသည်။

ဆက်လက်၍`` ကျောင်းကားဆိုတာကတော့ YBS နဲ့မတူတဲ့အပြင် လမ်းကြောင်းတွေဖော်ရတာ ရှိပါတယ်။ ဒီနေ့မှာဆိုရင် ကမာရွတ် TTC အတွက် ဆွဲထားတဲ့လမ်းကြောင်း ၁၅ ကြောင်း ရှိပါတယ်။ ဒါပေမယ့် တကယ်တမ်းကြတော့ လမ်းကြောင်း ၁၂ ကြောင်းပဲ ပြေးဆွဲနိုင်ပါသေးတယ်။ ကျန်တဲ့ဟာတွေက စီးတဲ့ဦးရေ နည်းတာတွေ ရှိပါတယ်။ နောက်ရက်တွေမှာတော့ ကျောင်းအုပ်ဆရာကြီးတွေနဲ့ မိဘအုပ်ထိန်းသူတွေရဲ့ အကြံပြုချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ယာဉ်လမ်းကြောင်းနဲ့ လိုအပ်ချက်တွေအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာပါ´´ ဟု ၄င်းက ပြောသည်။

ထိုသို့ပြေးဆွဲရာတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)၏ ကြီးကြပ်မှုဖြင့် Royal Golden Hand Co., Ltd. က တာဝန်ယူပြေးဆွဲပေးခြင်းဖြစ်ပြီး ပထမဆုံးအဆင့် (စံပြ)အနေဖြင့် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း(TTC) ကမာရွတ်နှင့် (TTC ) ရန်ကင်း စသည့် ကျောင်းနှစ်ကျောင်းတို့တွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ ပြေးဆွဲပေးလျက်ရှိသည်။ 

အဆိုပါကုမ္ပဏီအနေဖြင့် ယာဉ်စီးရေ ၂၀ဝ ခန့်ရှိသည့် အနက် ၁၀ဝ ခန့်မှာ ပြေးဆွဲရန် အဆင်သင့်ဖြစ်နေသည့်အပြင် အလုံးစုံ အာမခံထားရှိမှုလည်း ပြုလုပ်ထားရှိပြီး ဖြစ်ရာ ယနေ့ စတင်ပြေးဆွဲရာတွင် TTC ကမာရွတ်အနေဖြင့် ၂၉ စီး၊ TTC ရန်ကင်းအနေဖြင့် ၃၁ စီး အပါအဝင် ယာဉ်အစီးရေ ၆၀ ဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“နောက်ထပ်ကျန်ရှိတဲ့ ယာဉ်အစီးရေ ၁၀ဝ ကိုလည်း လိုအပ်ရင် ဖြည့်တင်း ပြေးဆွဲနိုင်ဖို့ အဆင်သင့်နီးပါး ပြုလုပ်ထားပြီးဖြစ်ပါတယ်။ CCTV တပ်ဆင်မှုအပိုင်း လောက်ပဲရှိတော့တာပါ။ အခြားကျောင်းတွေရဲ့ ကျောင်းကား လိုအပ်ချက်အရ တင်ပြ တောင်းဆိုလာရင်လည်း ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ တဖြေးဖြေးများလာမယ်လို့ မျှော်လင့်ပါတယ်။ ဒါ့ကြောင့် ကျောင်းသားမိဘတွေ ကိုလည်း လိုအပ်ရင် ဆက်သွယ်ဖို့ ပြောထားပါတယ် ”ဟု ဒေါက်တာမောင်အောင် က ဆိုသည်။

TTC ရန်ကင်းကျောင်းသည် အချိန်ပြည့် ကျောင်းဖြစ်သော်လည်း TTC ကမာရွတ် ကျောင်းသည် သုံးချိန်ကျောင်းဖြစ်သည့်အတွက် ထိုသို့ပြေးဆွဲပေးရာတွင် သက်ဆိုင်ရာ ကျောင်းများအလိုက် ကျောင်းချိန်များအပေါ် မူတည်၍ ယာဉ်အစီးရေ လုံလောက်စွာဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ယာဉ်စီးခ နှုန်းထားများကိုမူ ကျောင်းနှင့်အနီး အဝေးပေါ်မူတည်ကာ ဈေးနှုန်းများ သတ်မှတ်ထားရှိပြီး တစ်လလျှင် ငွေကျပ် သုံးသောင်းခွဲမှ ငွေကျပ် ခုနစ်သောင်းအထိ သတ်မှတ်ထားသော်လည်း ကျောင်းသားမိဘများထံမှ ရရှိသည့် အကြံပြုချက်များအပေါ် သက်ဆိုင်ရာအနေဖြင့် ဆက်လက်ဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဒေါက်တာမောင်အောင် ထံမှ သိရသည်။

TTC ကမာရွတ် ကျောင်းမှ ကျောင်းသား မိဘဖြစ်သူ လမ်းမတော်မြို့နယ်နေ ဒေါ်စန်းစန်းစိမ့် က “အခုလို ကျောင်းကားစနစ်တွေ ပြောင်းလဲပြေးဆွဲပေးတာ ကောင်းပါတယ်။ ကျောင်းသားတွေအတွက် ပိုပြီး လုံခြုံစိတ်ချရပါတယ်။ ပထမဆုံး နေ့ဆိုတော့ အဆင်မပြေမှုတွေတော့ ရှိပါတယ်။ အဓိက ကတော့ လမ်းကြောင်း ပြေးဆွဲမှုနဲ့ စုရပ်အလှမ်းဝေးနေတဲ့ အခက်အခဲတွေပါ။ အဲဒါတွေကိုလည်း သက်ဆိုင်ရာက ညှိနှိုင်းပြီး ပြေးဆွဲပေးမယ်လို့တော့ ပြောပါတယ်။ ဈေးနှုန်းအနေနဲ့ ကတော့ လက်ရှိအခြေအနေအရ သတ်မှတ်ချက်တော့ မရှိသေးပါဘူး။ လေးသောင်း လို့တော့ ကြားပါတယ်။ ဈေးနှုန်းလေး နည်းနည်းလျှော့ပေးရင် ပိုအဆင်ပြေမှာပါ။ မိဘတွေကတော့ ဒီကျောင်းကားစနစ်ကို တော်တော် မျှော်လင့်ထားပါတယ်။ နိုင်ငံတကာမှာလည်း အခုလိုကျောင်းကားစနစ်တွေ ကျင့်သုံးတဲ့အတွက် ရေရှည်မှာ အောင်မြင်မှု ရလာ လိမ့်မယ်လို့ ယုံကြည်ပါတယ်´´ဟုသူ၏ အမြင်ကိုပြောသည်။

အလားတူ TTC ကမာရွတ်ကျောင်းမှ ကျောင်းသားမိဘဖြစ်သူ မရမ်းကုန်းမြို့နယ် မုဒိတာ အိမ်ရာနေ ဦးစိုးမင်းလတ် က “ကျောင်းကား စနစ်သစ်က သတ်မှတ်နေရာကို ပို့ရတာမျိုးအပြင် ကလေးက ငယ်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့အတွက် အခက်အခဲရှိတာကြောင့် အရင်နှစ်တွေတုန်းက ပို့တဲ့ ပုဂ္ဂလိက ကျောင်းကားနဲ့ပဲ ဆက်ပြီးပို့ဖြစ်ပါတယ်။ အခု အစိုးရက စီစဉ်ပေးထားတဲ့ ကျောင်းကား ကတော့ ကျွန်တော်တို့ ပို့ရမယ့်အချိန်နဲ့ သူတို့လာကြိုတဲ့ပုံစံကြောင့် သိပ်အဆင်မပြေပါဘူး ”ဟု ပြောသည်။

ရန်ကုန်ကျောင်းကား စနစ်သစ်တွင် စတင်ပြေးဆွဲသည့် ယနေ့တွင် သက်ဆိုင်ရာ ကျောင်းများမှ ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် သတ်မှတ် စုရပ်သို့ သွားရောက်စီးနင်းရခြင်း၊ သတ်မှတ်ယာဉ်လမ်းကြောင်းများကို အပြည့်အဝ ပြေးဆွဲပေးနိုင်မှု မရှိခြင်းတို့ကြောင့် အခက်အခဲအချို့ ကြုံတွေ့ခဲ့ကြရကြောင်း ကျောင်းသားမိများထံမှ သိရသည်။

Yangon School Bus (YSB) ယာဉ်မောင်း ဦးခင်မောင်ဌေး က “ကျောင်းသားတွေအတွက် ယာဉ်စီးရာမှာ လုံခြုံစိတ်ချမှုရှိအောင် ဆောင်ရွက်ထားပါတယ်။ ဥပမာ - ကျောင်းသားကျောင်းသူတွေ ယာဉ်စီးတဲ့အခါမှာ ခါးပတ် ပတ်ထားရမှာဖြစ်သလို အတက် အဆင်းပြုလုပ်တဲ့အခါမှာလည်း ဟိုက်ဒရောလစ် စနစ်နဲ့ လှေကားတွေ ပါပါတယ်။ ကားထဲမှာဆိုရင်လည်း အရေးပေါ် မီးသတ် ဆေးဘူးတွေ အပြင် ရှေးဦးသူနာပြု ဆေးသေတ္တာတွေလည်း အသင့်ဆောင်ထားပါတယ်။ လောလောဆယ်မှာလည်း ကျောင်းသား မိဘတွေအနေနဲ့ ကလေးတွေကို စိတ်မချရင် ယာယီသဘောအနေနဲ့ လေးငါးရက်လောက်အထိ ကျောင်းကားနဲ့လိုက်လံ စီးနင်းပို့ဆောင်တာမျိုး လုပ်လို့ရပါတယ်။ ဒီကနေ့ စီးနင်းမှုအခြေအနေကတော့ စာရင်းပေးထားတဲ့အထဲက ၅၀ ရာခိုင်နှုန်း လောက်ပဲ လိုက်ပါစီးနင်းကြပါသေးတယ်။ ဒါကလည်း ပထမဆုံး ကျောင်းစဖွင့်တဲ့နေ့ ဖြစ်တာကြောင့် မိဘတွေအနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လိုက်ပို့ကြတာကြောင့်လဲ ဖြစ်ပါတယ်´´ ဟုပြောသည်။

ယခု ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းကားစနစ်သစ်ကို ပြေးဆွဲရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် မြို့နယ်များရှိ အဓိက လမ်းမကြီးများနှင့် ယာဉ်ကြောကျပ်တည်းမှု အများဆုံးဖြစ်ပေါ်လေ့ရှိသည့် နေရာများတွင်တည်ရှိသော အခြေခံပညာကျောင်း ၂၂ ကျောင်းတို့ကို ကျောင်းကား စနစ်အသစ်ဖြင့် ပြေးဆွဲသွားရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက် လျက်ရှိရာ ယခုအခါ ပထမအဆင့်အနေဖြင့် TTC ကမာရွတ်နှင့် TTC ရန်ကင်း ကျောင်းတို့ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။

လက်ရှိပြေးဆွဲနေသည့် ကျောင်းကားများတွင် ကျောင်းသား၊ ကျောင်းသူများကို ကူညီဆောင်ရွက်ပေးနိုင်ရန် YRTA မှ သင်တန်းပို့ချထားသည့် ကြီးကြပ်သူ (ယာဉ်မယ်)တစ်ဦးစီပါရှိခြင်း၊ အရေးပေါ် ဆေးသေတ္တာများပါရှိခြင်းနှင့် မော်တော်ယာဉ်၏ လုံခြုံရေးစနစ်များနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်းအတက် ပြုလုပ်ရာတွင် လွယ်ကူစေသော စနစ်များပါရှိခြင်းတို့အပြင် နောက်ဆက်တွဲ အနေဖြင့် ကတ်စနစ်ကို အသုံးပြု၍ ယာဉ်စီးနင်းခြင်းနှင့် ယာဉ်ရောက်ရှိရာ လမ်းကြောင်းများကို မိဘ အုပ်ထိန်းသူတို့အနေဖြင့် ဖုန်းထဲမှ တစ်ဆင့် အက်ပလီကေးရှင်းကို အသုံးပြုပြီး ကြည့်ရှုနိုင်ရန် တို့အတွက်ကိုလည်း စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရသည်။

ယခုနှစ် ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကျောင်းကြိုပို့ယာဉ်များကို လိုက်ထရပ်ယာဉ်များအား အသုံးပြုခွင့် မပြုတော့ဘဲ မီနီဘတ်စ်နှင့် (အံစာတုံး၊ စူပါကာစတန်ကဲ့သို့) မိုက်ခရိုဘတ်စ်များကိုသာ ကျောင်းကြိုပို့ယာဉ်များအဖြစ် ခွင့်ပြုထားကြောင်း၊ ထို့ပြင် လက်ရှိပြေးဆွဲနေသည့် ပုဂ္ဂလိကကျောင်းကြို/ ပို့ယာဉ်များ အနေဖြင့်လည်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)က သတ်မှတ်ထားသည့် စည်းကမ်းချက် ၁၂ ချက်နှင့် ပြည့်စုံရန်လိုကြောင်း၊ ကျောင်းကြိုပို့ယာဉ် များအနေဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချမှု ပြည့်ဝရန်လိုအပ်ကြောင်း၊ ယခုနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ညာမောင်းယာဉ်များကို ချွင်းချက်အနေဖြင့် ခွင့်ပြုထားသော်လည်း လာမည့်နှစ်တွင် သက်ဆိုင်ရာက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ပြည့်စုံသော ယာဉ်များကိုသာ ခွင့်ပြုသွားမည်ကို အသိပေးထား ပြီးဖြစ်ခြင်းတို့ကြောင့် လာမည့်နှစ်တွင် ကျောင်းကားပြေးဆွဲမှု စနစ်သစ်ကို ပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ဒေါက်တာမောင်အောင် ကဆိုသည်။

ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ယာဉ်ကြောကြပ်တည်းမှုကို အတိုင်းအတာတစ်ခုအထိ ဖြေလျော့လာနိုင်မည့်အပြင် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် ကျောင်းကားစနစ်ကို ပီပြင်စွာအကောင်အထည်ဖော် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်