ရန်ကုန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး အားဖြည့်ကြမည့် ရှမ်းပြည်နယ်မှ သူနာပြုများအား ထောက်ပံ့

တောင်ကြီး    ၃၁  အောက်တိုဘာ
    
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးက ရန်ကုန်မြို့သို့ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် သွားရောက်ကူညီအားဖြည့်ကြမည့် ရှမ်းပြည်နယ်မှ သူနာပြု ၄၀ အား ထောက်ပံ့ငွေ ကျပ်သိန်း ၈၀ ပေးအပ်လှူဒါန်းပွဲကို အောက်တိုဘာ ၂၈ ရက်က ကော်မတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

လှူဒါန်းပွဲတွင် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက အလှူငွေပေးအပ် လှူဒါန်းရခြင်းအကြောင်း ပြောကြားပြီး သူနာပြု ၄၀ အတွက် တစ်ဦးလျှင် ငွေကျပ် ၂ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း ၈၀ ကို ထောက်ပံ့လှူဒါန်းရာ ပြည်နယ်ကျန်းမာရေးမှူး ဒေါ်သူဇာချစ်တင်နှင့် သူနာပြုများက လက်ခံရယူကြသည်။

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီသည် ရန်ကုန်မြို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သွားရောက်အားဖြည့်ကြသည့် ရှမ်းပြည်နယ်အတွင်းမှ ကျန်းမာရေးဝန်ထမ်း ၇၃ ဦးအတွက် အလှူငွေကျပ်သိန်း ၁၅၀၊ စဝ်စံထွန်းဆေးရုံကြီး ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲရှာဖွေရေးဌာနမှ ကျန်းမာရေးဝန်ထမ်း ၁၅ ဦးအတွက် ငွေကျပ်သိန်း ၅၀၊ စုစုပေါင်းအလှူငွေကျပ်သိန်း ၂၀၀ ကို ပထမအကြိမ်အဖြစ်လည်းကောင်း၊ ထပ်မံစေလွှတ်သည့် သူနာပြု ၂၀ အတွက် အလှူငွေကျပ်သိန်း ၄၀ ကို ဒုတိယအကြိမ် အဖြစ်လည်းကောင်းလှူဒါန်းခဲ့ပြီး ယခုတတိယအကြိမ်အဖြစ် ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသည် ကမ္ဘောဇဘဏ်၏ လှူဒါန်းငွေကျပ် သိန်းပေါင်း ၁၇,၂၀၀ အပါအဝင် အများပြည်သူ လှူဒါန်းငွေများဖြင့် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားပေါင်းစုံ နေထိုင်ရာဒေသများသာမက အခြားပြည်နယ်နှင့် တိုင်းအသီးသီးရှိ လိုအပ်သည့် နေရာများသို့ စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းလျက်ရှိပြီး လတ်တလော ပိုးတွေ့လူနာများသည့် မြို့နယ်ပြည်သူ့ဆေးရုံကြီးများအတွက် အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများကို နေ့စဉ်ထောက်ပံ့ လှူဒါန်းလျက်ရှိကြောင်း သိရသည်။    

ကိုကျော်