ရန်ကုန်မြို့၌ ကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၆ ခြေစစ်ပွဲအတွက် မြန်မာအသင်း ပြင်ဆင်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၆ ခြေစစ်ပွဲ အုပ်စု (K) ပွဲစဉ်များအတွက် မြန်မာ ယူ-၁၆ အသင်းသည် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှ ယူ-၁၆ ခြေစစ်ပွဲကို အုပ်စု (၁၁) ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (K) တွင် တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်တိုင်ပေအသင်းတို့နှင့် ပါဝင်နေသည်။ ယင်းခြေစစ်ပွဲအုပ်စုပွဲများကို စက်တင်ဘာ ၁၈ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ထိပ်ဆုံး ၁၁ သင်းနှင့် ဒုတိယနေရာ အကောင်းဆုံးလေးသင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ မြန်မာအသင်းသည် အာရှခြေစစ်ပွဲယှဉ်ပြိုင်ရန် သြဂုတ် ၇ ရက်မှစ၍ လေ့ကျင့်ပြင်ဆင်ခဲ့ပြီး နည်းပြသစ် ဦးမင်းသူကိုလည်း ယခုခြေစစ်ပွဲအတွက် အသစ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းသည် အာရှခြေစစ်ပွဲမတိုင်မီ ဖိတ်ခေါ်ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်နေပြီး သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အထိ မန္တလေးမြို့၌ ကျင်းပသည့် လေးနိုင်ငံ ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲနှင့် သြဂုတ် ၂၆ ရက်မှ ၃၀ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် ဗီယက်နမ် ယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာ ယူ-၁၆ အသင်းသည် ယင်းဖိတ်ခေါ်ပြိုင်ပွဲများအပြီးတွင် စက်တင်ဘာ ၂ ရက်မှစ၍ ပဏာမကစားသမား ၂၇ ဦးဖြင့် ပြန်လည်လေ့ကျင့်လျက်ရှိပြီး နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ထားသောကြောင့် ခြေစစ်ပွဲမတိုင်မီ ပြည်တွင်းခြေစမ်းပွဲများသာ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် ခြေစစ်ပွဲအဖြစ် စက်တင်ဘာ ၁၈ ရက်တွင် ထိုင်းအသင်း၊ စက်တင်ဘာ ၂၀ ရက်တွင် တောင်ကိုရီးယားအသင်း၊ စက်တင်ဘာ ၂၂ ရက်တွင် တရုတ်တိုင်ပေအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ ယူ-၁၆ အသင်းတွင် နည်းပြချုပ်အဖြစ် -ဦးမင်းသူ၊ လက်ထောက်နည်းပြများအဖြစ် ဦးဘိုဘိုအောင်၊ ဦးတင်မောင်ဝင်း၊ ဂိုးနည်းပြအဖြစ် ဦးဇော်လင်းအောင်၊ ကစားသမားများအဖြစ် ဂိုး-ထက်အာကာဝင်း၊ အောင်ကျော်ဖြိုး (မြန်မာဘောလုံးအကယ်ဒမီ-မန္တလေး)၊ အောင်စည်သူ (မြန်မာဘောလုံး အကယ်ဒမီ-ပုသိမ်)၊ ဟံသာလင်း (မန္တလေး)၊ နောက်တန်း-ထူးမြတ်ခန့်၊ ထွန်းထွန်းဝင်း၊ ကောင်းထက်ပိုင်၊ ကောင်းခန့်ကျော်၊ စိုင်းစိုင်းအံ့ထူး၊ ကျော်ကျော်လင်း (မြန်မာဘောလုံးအကယ်ဒမီ-မန္တလေး)၊ လာဘ်ဝေဘုန်း (အဖွဲ့ချုပ် လူငယ်)၊ မိုးခန့်၊ ကောင်းခန့်၊ ဝေယံလင်းသူ (မြန်မာဘောလုံးအကယ်ဒမီ-ပုသိမ်)၊ အလယ်တန်း-ထက် အောင်ဝင်း၊ ကောင်းဇော်လင်း (တပ်မတော်ဘောလုံးအကယ်ဒမီ)၊ ထက်မြတ်လွင်၊ ကျော်မင်းခန့်၊ မင်းသူ၊ အောင် သီဟပိုင်၊ ရန်နိုင်ထွန်း (မြန်မာဘောလုံးအကယ်ဒမီ-မန္တလေး)၊ ရှေ့တန်း-သန်းတိုးအောင်၊ ဝေဘုန်းမြင့်ကျော်၊ အောင်ပြည့်ဖြိုး၊ ဇင်မျိုးအောင် (မြန်မာဘောလုံးအကယ်ဒမီ-မန္တလေး)၊ ဟိန်းထက်ဇော်ဝင်း၊ မင်းခန့်သူ (မြန်မာ ဘောလုံးအကယ်ဒမီ-ပုသိမ်) တို့ ပါဝင်ကြသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်

 

mdn