ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အားကစားကွင်းပေါင်း ၁၃၁ ကွင်း တည်ဆောက်ပေးပြီးဖြစ်

ရန်ကုန် ၇ ဇွန် 

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် မြို့နယ်အလိုက် ရပ်ကွက်အဆင့်ရှိ အားကစားကွင်းများ တည်ဆာက်ပေးခဲ့ရာတွင် လက်ရှိအချိန်အထိ အားကစားကွင်းပေါင်း ၁၃၁ ကွင်းကို တည်ဆောက်ပေးထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၏ ပြောကြားချက်အရ သိရသည်။ 

 

ဇွန်လ ၆ ရက် လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ မေးခွန်းကို ဖြေကြားရာတွင် ဝန်ကြီးက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက လှိုင်မြို့နယ် (၁၃)ရပ်ကွက်အတွင်းရှိ ယခင် မီးလောင်မြေကို အနောက်ပိုင်းခရိုင် ဘောလုံးအားကစားကွင်းအဖြစ် စီမံဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ စီမံဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက ဘောလုံးအားကစားကွင်းမြေနေရာရရှိအောင် မည်သို့ဆောင်ရွက်ပေးမည်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လက်အောက်ရှိ အောင်ဆန်းဘောလုံးကွင်း၊ စလင်းဘောလုံးကွင်းနှင့် ပဒုမ္မာဘောလုံးကွင်းတို့ကို နိုင်ငံတော်က မည်သည့်သဘောတူညီချက်များဖြင့် လွှဲပြောင်းတာဝန်ပေးအပ်ထားသည်ကိုပြည့်စုံစွာ သိရှိလိုကြောင်း တိုင်းဒေသကြီးလွှတ်တော်တွင်မေးမြန်းခဲ့သည်။

 

လူမှုရေးဝန်ကြီးက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်အားကစားကွင်းများဌာနသည် မြို့တော်နေပြည်သူများအတွက် မြို့နယ်အလိုက် ရပ်ကွက်အဆင့်ရှိအားကစားကွင်းများ တည်ဆောက်ပေးခဲ့ရာတွင် အားကစားကွင်းပေါင်း ၁၃၁ ကွင်း တည်ဆောက်ပေးပြီးဖြစ်ကြောင်း၊ ရပ်ကွက်အဆင့်ရှိ အားကစားကွင်းများကို ဘဏ္ဍာရေးနှစ်အလိုက် အသစ်ဖော်ထုတ် တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ မြို့နယ်/ခရိုင်အဆင့် ဘောလုံးကွင်းတည်ဆောက်မှုကို ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနက တာဝန်ယူ တည်ဆောက်ခြင်းဖြစ်ကြောင်း၊ လှိုင်မြို့နယ် (၁၃)ရပ်ကွက် ဘောလုံးအားကစားကွင်းသည် ရပ်ကွက်အဆင့်ရှိ အားကစားကွင်းဖြစ်သည့်အတွက် အနောက်ပိုင်းခရိုင် ဘောလုံးအားကစားကွင်းအဖြစ် စီစဉ်ဆောင်ရွက်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် လတ်တလော အစီအစဉ်မရှိသေးကြောင်း၊ မေးခွန်ပါမြေကို အများပြည်သူ အကျိုးအတွက် မြေသိမ်းဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် YCDC မှ တာဝန်ခံပြီး ပြည်ထဲရေး ဝန်ကြီးဌာနသို့ မြေသိမ်းအဆိုတင်ပြထားပြီး ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက တိုင်းဒေသကြီးအစိုးရအဖွဲ့မှတစ်ဆင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနသို့မြေလွှဲပြောင်းပေးအပ်ပြီးမှသာ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

 

ထို့အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တာဝန်ယူထားသော အောင်ဆန်းဘောလုံးအားကစားပြိုင်ကွင်း အပါအဝင် စလင်းဘောလုံးကွင်း၊ ပဒုမ္မာကွင်းတို့ကို ငှားရမ်းသည့်ကိစ္စနှင့် ပတ်သက်၍လည်း  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ ၈-၁၁-၂၀၁၀ ရက်မှစ၍ ကနဦး သုံးနှစ်ကို အခမဲ့ငှားရမ်းခဲ့ပြီး အဆိုပါကာလပြည့်သည့် နေ့မှစ၍ နှစ်ပေါင်း ၃၀ ငှားရမ်းခြင်း ဖြစ်ပါကြောင်း၊ အခမဲ့ငှားရမ်းသည့် ကာလပြည့်မြောက်သည့်နေ့မှစ၍ တစ်နှစ်လျှင် အောင်ဆန်းကွင်းကို ကျပ်သိန်း ၅၀၊ ပဒုမ္မာကွင်းကို ကျပ်သိန်း ၅၀ နှင့် စလင်းကွင်းကို ကျပ်သိန်း ၃၀ တို့ဖြင့် ငါးနှစ်တစ်ကြိမ် စာချုပ်ချုပ်ငှားရမ်းခြင်းဖြစ်ကြောင်း၊ ငှားရမ်းခရငွေများကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ပေးသွင်းရကြောင်း ဆက်လက်ဖြေကြားခဲ့သည်။ 

 

သတင်း- ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)