ရန်ကုန်မြို့တွင် နွေရာသီအခြေခံအားကစားနည်းသင်တန်းများ ဖွင့်လှစ်မည်

ရန်ကုန် ၅  ဖေဖော်ဝါရီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း၍ နွေရာသီ အခြေခံအားကစား သင်တန်းများနှင့် အဆင့်မြင့် သင်တန်းအားကစားနည်း ၃၅ နည်းကို ရန်ကုန်မြို့တွင် ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ကျိုက္ကဆံကွင်း အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပေါင်းစပ် ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

 

ရှေးဦးစွာ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား)၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်က နှစ်စဉ် နွေရာသီအခြေခံနှင့် အဆင့်မြင့် အားကစား သင်တန်းများကို ဖွင့်လှစ်ပေး ခြင်းဖြင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာမည် ဖြစ်ကြောင်း၊ မျိုးဆက်သစ်လူငယ် အားကစားသမားများကို လေ့ကျင့်ပြုစုပျိုးထောင်ပေးခြင်းဖြင့် ထူးချွန်ထက်မြက်သော မြန်မာ့လက်ရွေးစင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ သင်တန်း များမှာလည်း ရေကူး၊ ဘောလုံး၊ ကြက် တောင်နှင့် ဝူရှူးအားကစားနည်းများတွင် သင်တန်းဦးရေ များပြားသည့်အတွက် သင်တန်းကြေးကို ယခင်နှစ်များထက် လျှော့ပေါ့ပေးစေလိုကြောင်း ပြောကြားသည်။ အဆိုပါ နွေရာသီ အခြေခံသင်တန်းများကို မတ်၁ ရက်မှ ၂၉ ရက်အထိ လည်းကောင်း၊ အဆင့်မြင့်သင်တန်းများ ကို ဧပြီ၂၂ ရက်မှ မေ ၁၇ ရက်အထိ လည်းကောင်း ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းအခြေခံ အားကစားနည်း သင်တန်းများကို ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ အားကစားကွင်း/ရုံများ၌ အဖွဲ့ချုပ်များ၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ မြားပစ်၊ ပြေးခုန်ပစ်၊ ဘေ့စ်ဘော၊ ကြက်တောင်၊ ဘတ်စကက် ဘော၊ ဘိလိယက်/စနူကာ၊ ကာယ ကြံ့ခိုင်မှု၊ ဘိုးလင်း၊ လက်ဝှေ့၊ စစ်တုရင်၊ ခြင်းလုံး၊ ခရစ်ကက်၊ စက်ဘီး၊ ဘောလုံး၊ ဂေါက်သီး၊ ကျွမ်းဘား၊ ဟော်ကီ၊ ဂျူဒို၊ ကရာတေးဒို၊ လှေလှော်၊ ပိုက်ကျော် ခြင်း၊ ရေကူး၊ သေနတ်ပစ်၊ စားပွဲတင် တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ သိုင်း၊ ဘော်လီ ဘော၊ အလေးမ၊ အမျိုးသမီးအားကစား (အေရိုးဗစ်)၊ ဝူရှူး၊ ရွက်လှေ၊ မသန်စွမ်း၊ ကမ်ပို၊ ရိုးရာလက်ဝှေ့ စသည့် အားကစားနည်းများ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အေကေလင်း