ရန်ကုန်မှတိုကျိုနာရီတာလေဆိပ်သို့ANAလေကြောင်းလိုင်းမှ ကယ်ဆယ်ရေးလေယာဉ် ပျံသန်းမည်

ရန်ကုန် ၂၇ ဇွန်

ဂျပန်နိုင်ငံ AI Nippon Airways (ANA) မှပျံသန်းအမှတ် NH 814 ကယ်ဆယ်ရေးလေယာဉ် (Relief Flight) သည် ဇွန် ၂၇ ရက် ညတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဂျပန်နိုင်ငံ တိုကျိုမြို့ နာရီတာအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ဂျပန်သံရုံးမှသိရသည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ဂျပန်နိုင်ငံသား များအပြင် သက်တမ်းကျန်ရှိနေသည့် ပြည်ပြန်ဝင်ခွင့် (Re - Entry Permit)၊ အထူးပြည်ပြန်ဝင်ခွင့် ခွင့်ပြုချက် (Special Re - Entry Permit)ဖြင့် ဂျပန်နိုင်ငံမှ ထွက်ခွာလာခဲ့သည့် မြန်မာနိုင်ငံသားများ လိုက်ပါနိုင်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် ထုတ်ပေးထားသည့်တစ်ကြိမ် ပြည်ဝင်ခွင့် (Single Entry)နှင့် အကြိမ်ကြိမ်ပြည်ဝင်ခွင့် (Multiple Entry) ဗီဇာများ၏ အကျိုးသက်ရောက်မှု ရပ်ဆိုင်းထားခြင်းကို ဇွန်လကုန်အထိ ဆက်လက် လုပ်ဆောင်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှထုတ်ပေးထားသည့် ဂျပန်ပြည်ဝင်ခွင့် ဗီဇာကို အသုံးပြု၍ ယခုလေယာဉ်ဖြင့် ဂျပန်နိုင်ငံသို့ ဝင်ရောက် နိုင်မည်မဟုတ်ကြောင်း သိရသည်။ ။

ဂျပန်နိုင်ငံသို့ ဝင်ရောက်သည့်အခါ ရောဂါကာကွယ်ထိန်းချုပ်ရေး စီမံချက်အရ မြန်မာနိုင်ငံမှ လာရောက်သည့် မည်သည့်နိုင်ငံသားမဆို သီးသန့်နေထိုင်စောင့်ကြည့်မှုဆိုင်ရာ ဌာနမှူး (Head of Quarantine Department) မှ ညွှန်ကြားသည့်နေရာတွင် ၁၄ ရက်ကြာ နေထိုင်ရမည် ဖြစ်ကြောင်းသိရသည်။

ဂျပန်နိုင်ငံတွင် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ၊ မြန်မာသင်္ဘောသားများ အပါအဝင် စုစုပေါင်း ၁၇၉ ဦးလိုက်ပါသည့် ANA ၏ ကယ်ဆယ်ရေးလေယာဉ်ပျံသန်းအမှတ် NH 813 သည် ဇွန် ၂၆ ရက် မွန်းလွဲပိုင်းက ဂျပန်နိုင်ငံ တိုကျိုနာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာလာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

အောင်သူရ