ရန်ကုန်နှင့် ကော်ဖီယဉ်ကျေးမှု

ထင်ပေါ်ဝင်း၊ ဓာတ်ပုံ - အာကာစိုး

 

တစ်ခုသော အချိန်အခါကာလက ရန်ကုန်မြို့တော်ကြီးတွင် လက်ဖက်ရည်ဆိုင်များ လွန်စွာပေါများခဲ့သည်။ မြို့တော်ရန်ကုန်အနှံ့ရှိ လမ်းမကြီးများ၊ လမ်းငယ်များနှင့် လမ်းသွယ်များတွင်ပါမကျန် လက်ဖက်ရည်ဆိုင်များကို အများအပြား တွေ့ရလေ့ရှိသည်။ အဆိုပါ လက်ဖက်ရည်ဆိုင်များတွင် နံနက်မိုးလင်းမှ မိုးချုပ်တိုင်အောင် လူငယ်လူရွယ်များဖြင့် ပြည့်နှက်လျက်ရှိခဲ့ဖူးသည်။

ခေတ်ကာလပေါ်အခြေခံကာရန်ကုန်လူထု၏ စားသုံးမှုပုံစံကပြောင်းလဲလာခဲ့သည်။ တစ်ချိန်က လက်ဖက်ရည်ဆိုင်များနေရာတွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သော ကော်ဖီထုပ်၊ လက်ဖက်ရည် ထုပ်များက အစားထိုးဝင်ရောက်နေရာယူလာသည်။ နံနက်ခင်းမိုးအလင်းမိမိအိမ်၌ပင် ရေနွေး တစ်အိုးရှိရုံမျှဖြင့် လက်ဖက်ရည်၊ ကော်ဖီအဖြစ်ကို ရန်ကုန်သားတို့က ပြောင်းလဲစားသောက်လာကြသည်။ တကူးတက လက်ဖက်ရည်ဆိုင်သို့ သွားရောက်အချိန်ဖြုန်းခြင်းကို မနှစ်သက်တော့ပေ။ အချိန်ကိုလုရင်း ကြိုးစားအားထုတ်မှုနှင့် ပြည့်နှက်နေသော ရန်ကုန်လူငယ်ထုက ကျောင်းသွားခါနီး၊ အလုပ်သွားခါနီး၊ ရုံးသွားခါနီး အချိန်များတွင် ကော်ဖီခွက်ကို အလုအယက်သောက်ရင်းရုံးချိန် ကျောင်းချိန်အမီ ပြေးလွှားကြရသည်။

လက်ဖက်ရည်နှင့်အစားအသောက် တစ်ခုစ နှစ်ခုစသာ ရောင်းချနိုင်သော ဆိုင်များမှာ အလုပ်မဖြစ်တော့ပေ။ ခေတ်ကာလ အခြေအနေအလိုက် ဖွင့်လှစ်လာခဲ့သော ဆိုင်များတွင် သာမန်လက်ဖက်ရည်၊ ကော်ဖီသာမက အအေးမျိုးစုံ၊ အသီးအနှံဖျော်ရည်မျိုးစုံ၊ အစားအသောက်မျိုးစုံတို့ကို ထည့်သွင်းရောင်းချလာကြသည်။ အစားအသောက် အဖျော်ယမကာများ၏ လက်ရာကိုသူ့ထက်ငါ ကောင်းအောင် အပြိုင်အဆိုင် တီထွင်ချက်ပြုတ် လာကြသည်။ သန့်ရှင်းမှုကို အထူးဦးစားပေးပြီး ပြုလုပ်လာကြသည်။ အသံပြဲပြဲနှင့် အော်တတ်ဟစ်တတ်သော စားပွဲထိုးများနေရာတွင် ကိုယ်တိုင်ယူစနစ်ဖြင့် တိတ်ဆိတ်မှုကို အစပြုလာကြသည်။

ဆယ်စုနှစ် တစ်ခုပြီးတစ်ခုကို ဖြတ်ကျော်လာသော ရန်ကုန်မြို့တော်ကြီးတွင် ယခင်ကလက်ဖက် ရည်ဆိုင်များနေရာတွင် အပူအအေးစုံလင်စွာရရှိသော နိုင်ငံတကာအဆင့်မီ မုန့်မျိုးစုံဆိုင်တို့က နေရာယူ ဝင်ရောက်လာသည်။ လှပစွာပြင်ဆင်ထားသော ဆိုင်ခန်းအတွင်း ကိုယ်တိုင်ယူကိုယ်တိုင်ရှင်း စနစ်ကို ဖော်ဆောင်ထားမှုက စားသုံးသူများအတွက် နှစ်လိုဖွယ်ကောင်းလှသည်။ ချိုချိုချဉ်ချဉ် မိမိစိတ်ကြိုက်အရသာကို ကိုယ်တိုင်မှာယူနိုင်မှုက အစားအသောက် ပြင်ဆင်ပေးသူနှင့် မိမိအကြားမှ ကွက်လပ်ကိုလစ်ဟာဖွယ်မရှိအောင် ပြုလုပ်ပေးထားသည်။

လမ်းဘေး လက်ဖက်ရည်ဆိုင်များတွင် အဝင်နည်းနေသော စားသုံးသူများက ကုန်တိုက်ကြီးများ၊ ဈေးဝယ်စင်တာများရှိ မုန့်ဆိုင်များတွင် သွားရောက်စုပြုံနေသည်။ နိုင်ငံတကာ ကော်ဖီအရသာမျိုးစုံနှင့် စတော်ဘယ်ရီ၊ လိမ္မော်တို့က ရန်ကုန်သူ ရန်ကုန်သားတို့၏ ပါးစပ်ကိုခံတွင်းတွေ့စေသည်။ ရန်ကုန်သူတို့က ဈေးဝယ်စင်တာကြီးများအတွင်း ဝယ်စရာပစ္စည်းအစုံကို တစ်ပတ်တာအတွက် တစ်ထပ်ဆင်းတစ်ထပ်တက်ဖြင့် လှည့်လည်ဝယ်ယူရင်း ပင်ပန်းခိုက်ခဏဝယ် စားသောက်ဆိုင်များ၌ ဝင်ရောက်အပန်းဖြေလေ့ရှိသည်။ ပျံ့လွင့်နေသော အအေးဓာတ်ဖြင့် အနားယူရင်းခါးသက်သက် ကော်ဖီဖြင့် အပန်းဖြေကြသည်။ ရန်ကုန်သူတို့က “ကော်ဖီဟာ စိတ်လန်းဆန်းမှုကို ပေးစွမ်းနိုင်တယ်” ဟု ဆိုကြသည်။ ကော်ဖီပူပူကိုဖြစ်စေ၊ ကော်ဖီအေးကိုဖြစ်စေ ပတ်ဝန်းကျင်ရာသီဥတု အပေါ်လိုက်၍ ရန်ကုန်သားတို့က သောက်သုံးလေ့ရှိသည်။ တချို့က ကော်ဖီပူပူအတွင်း သံပရာသီး အစိတ်ကလေးညှစ်၍ အိပ်ချင်ပြေ သောက်သုံးတတ်ကြသည်။ သကြားပါဝင်မှု၊ နို့ပါဝင်မှုသာမက ချောကလက်ကဲ့သို့သော ပါဝင်သောအမယ်များ ပေါ်မူတည်၍ ကော်ဖီ၏ နာမည်က ပြောင်းလဲတတ်သည်။ နိုင်ငံနှင့်ဒေသအလိုက် ထွက်ရှိရာဒေသအပေါ် မူတည်၍ ကော်ဖီ၏ အခေါ်အဝေါ်က ပြောင်းလဲတတ်သည်။ အချို့သော တက္ကသိုလ်ကျောင်းသူလေးများက စာကျက်ရင်း အပျင်းပြေ အိပ်ချင်ပြေသဘောဖြင့် ကော်ဖီထုပ်ကိုဖောက်ကာ ဒီအတိုင်း စားတတ်ကြသည်။

ထမင်းစားပြီးချိန်၌ အချိုတည်းသည့်သဘောဖြင့် ကော်ဖီကိုသောက်သုံးကြရာမှ မြို့တော်ရန်ကုန်တွင် ကော်ဖီသောက်သုံးမှုက မြင့်မားလာသည်။ တက်သစ်စလူငယ်လူရွယ်တို့က ကော်ဖီကို ပြောင်းလဲသောက်သုံးလာကြသည်။ နံနက်အိပ်ရာ ထချိန်၊ ညအိပ်ခါနီးချိန်နှင့် နေ့လယ်စာစားပြီးချိန်များတွင် ရန်ကုန်လူထုက ကော်ဖီသောက်သုံးတတ်ကြသည်။ အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချလာကြသော တစ်ခါသောက် ကော်ဖီထုပ်ငယ်များကြောင့်လည်း ရန်ကုန်၏ ကော်ဖီသောက်သုံးသူ ဦးရေက မြင့်တက်လာသည်။ ကော်ဖီ၊ နို့၊ အချို စသော အရသာပေါ်အခြေခံကာ ကော်ဖီအမှတ် တံဆိပ်တို့က အမျိုးမျိုး ကွဲပြားလျက်ရှိသည်။ လတ်ဆတ်သော ကော်ဖီစစ်စစ် သောက်လိုသူများ က အချို၊ နို့ စသော အရောအနှောပါဝင်သော ကော်ဖီကိုဝယ်ယူခြင်းမပြုဘဲ မျက်မြင်ကြိတ်ရောင်းသည့် ကော်ဖီမှုန့်ဆိုင်ကြီးများမှ ကော်ဖီကိုဝယ်ယူ သောက်သုံးကြသည်။ နိုင်ငံတကာမှ နာမည်ရနေသော ကုန်အမှတ်တံဆိပ် ကော်ဖီကိုအစဉ်အဆက် သောက်သုံးမှုကလည်း ရန်ကုန်ကော်ဖီလောကဝယ် ယနေ့တိုင်တွေ့ မြင်နေရဆဲဖြစ်သည်။ အချို့ သောလုပ်ငန်းရှင်များက ကျန်းမာရေးနှင့် ညီညွတ်သော ကော်ဖီကို သီးခြားထုတ်လုပ် ရောင်းချလာကြသည်။

သံဃာတော်များအား ဆွမ်းစားအပြီးအချိုပွဲတွင် မဖြစ်မနေ ပါဝင်လေ့ရှိသော ကော်ဖီ၊ တစ်ရပ်တစ်ကျေးမှ ရောက်ရှိလာသော ဧည့်သည်များအား ဧည့်ခံလေ့ရှိသော ကော်ဖီ၊ သူငယ်ချင်းအပေါင်းအသင်း ရောင်းရင်းများဖြင့် အပျင်းပြေ ဆိုင်ထိုင်ရင်း သောက်လေ့သောက်ထရှိသော ကော်ဖီ၊ မြို့တော်ရန်ကုန်၏ ပွဲလမ်းသဘင် အခမ်းအနားများတွင် မပါမဖြစ်သော အစားအသောက်တစ်ခု ပါဝင်လေ့ရှိသည့် ကော်ဖီ။ ဤမည်သော အကြောင်းခြင်းရာ တို့ကြောင့် မြို့တော်ရန်ကုန်တွင် ကော်ဖီသောက်သုံးမှု ယဉ်ကျေးမှုတစ်ရပ်သည် မကြာမီပေါ်ထွန်းလာဖွယ် ရှိနိုင်ပါကြောင်း . . . ။

မြန်မာ့အလင်း

mdn