ရန်ကုန်နှင့် ရှမ်းယူနိုက်တက်အသင်း နိုင်ပွဲဆက်

၄ စက်တင်ဘာ

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၃) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ရန်ကုန်နှင့် ရှမ်းယူနိုက်တက်အသင်း နိုင်ပွဲဆက်ခဲ့သည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက စစ်ကိုင်းအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်အသင်းသည် နောက်မှလိုက်ကစားခဲ့ရသော်လည်း လူစားလဲမှန်ကန်မှုနှင့် နည်းဗျူဟာ အပြောင်း အလဲကြောင့် အမှတ်ပြည့်ရခဲ့ခြင်းဖြစ်သည်။ အသင်းကြီးများနှင့် ဆက်တိုက်တွေ့ဆုံပြီး ရလဒ်ဆိုးရွားနေသည့် စစ်ကိုင်းအသင်းသည် အမှတ်ရရန် ကြိုးပမ်းခဲ့သော်လည်း ဦးဆောင်ဂိုးကို မထိန်းနိုင်၍ ရှုံးပွဲဆက်ခဲ့သည်။

 

နှစ်သင်းစလုံး အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့သော်လည်း မောင်မောင်လွင် ပွဲပယ်ခံထားရသည့် ရန်ကုန်အသင်းသည် ဂျပန်ကွင်းလယ်လူ ရှိုရီကို ထည့်သွင်းကာ ယခင်ပွဲများတွင် ကွင်းလယ်၌ကစားနေသည့် ရန်နိုင်ဦးကို ဘယ်တောင်ပံတွင် ကစားစေခဲ့သည်။ ရန်ကုန်အသင်းသည် ပွဲအစတွင် ကစားကွက်တည်မရဖြစ်နေပြီး ငြိမ်းချမ်းအောင်နှင့် ကြည်လင်းတို့ဝင်လာမှ ကစားကွက်ပြန်မိကာ တိုက်စစ်ကစားပုံကောင်းမွန်ခဲ့ခြင်းဖြစ်သည်။

 

စစ်ကိုင်းအသင်းသည် ၁၃ မိနစ်တွင် မျိုးမင်းဖြိုးသွင်းယူသည့်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပထမပိုင်းမပြီးခင်မှာ နှစ်ဂိုးပြန်ပေးခဲ့ရသည်။ နည်းပြဦးမင်းထွန်းလင်း၏ လူစားလဲမှန်ကန်မှုကြောင့် ငြိမ်းချမ်းအောင်နှင့် ကြည်လင်းတို့ဝင်လာပြီးနောက်ပိုင်း ရန်ကုန်အသင်း ကစားပုံပိိုကောင်းလာပြီး ၃၉ မိနစ်တွင် ကောင်းထက်စိုးက ချေပဂိုးနှင့် ၄၂ မိနစ်တွင် ကြည်လင်းက ပယ်နယ်တီမှတစ်ဆင့် ဒုတိယဂိုးသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် ရန်ကုန်အသင်းက ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ၅၉ မိနစ်တွင် ဇာနည်ထက်က တတိယဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ရန်ကုန်အသင်းက ပွဲကိုထိန်းကစားခဲ့၍ စစ်ကိုင်းအသင်း အခွင့်အရေးပြန်ရလာသော်လည်း အသုံးမချနိုင်၍ နစ်နာခဲ့ရသည်။

 

YUSC ကွင်း၌ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ရခိုင်အသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းသည် ပြိုင်ပွဲပြန်လည်စတင်ချိန်တွင် နိုင်ပွဲဆက်နေပြီး ယခုပွဲတွင်လည်း ရခိုင်ကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်နှင့် ရခိုင်အသင်းသည် ကိုးရက်အတွင်း ဒုတိယအကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး ရှမ်းယူနိုက်တက်က နှစ်ကျော့စလုံး အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ဒုတိယပိုင်းသွင်းဂိုးများဖြင့် အနိုင်ရခဲ့ပြီး ၅၅ မိနစ်တွင် ဇင်မင်းထွန်း၊ မိနစ် ၈၀ တွင် ကိသ်မာတူနာ၊ ၈၉ မိနစ်တွင် ဒွေးကိုကိုချစ်တို့က သွင်းယူခဲ့သည်။



ပွဲစဉ် (၁၃)အပြီးတွင် ဟံသာဝတီအသင်းက ရမှတ် ၃၀ ဖြင့် ဆက်လက်ဦးဆောင်နေပြီး ဧရာဝတီအသင်းက ၂၇ မှတ်၊ ရန်ကုန်နှင့် ရှမ်းယူနိုက်တက်အသင်းက ၂၃ မှတ်စီ၊ ရခိုင်အသင်းက ၁၄ မှတ်၊ ရတနာပုံနှင့် စစ်ကိုင်းအသင်းက ၁၀ မှတ်စီ၊ အားကာသိပ္ပံနှင့် မကွေးအသင်းက ခုနစ်မှတ်စီ၊ Southern အသင်းက သုံးမှတ် ရရှိထားသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်