ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားသူ ၁၇၀ဝ ဝန်းကျင်ရှိ

ရန်ကုန် ၂၀ ဇူလိုင်

 

ကျောင်းသားအရေအတွက် ၁၈၀ နှင့် ကျောင်းသူ ၁၅၀ စုစုပေါင်း ၃၃၀ သာ လက်ခံသင်ကြားမည့် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားသူ စုစုပေါင်း ၁၇၀ဝ ဝန်းကျင်ရှိနေကြောင်း Myanmar Education Directory - (EDGE) မှ သိရသည်။

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ဘွဲ့ကြို ပထမနှစ်သင်တန်းဝင်ခွင့်လျှောက်ထားရန် ဇွန် ၁၅ ရက်မှ စတင်ကာ ဇူလိုင် ၁၅ ရက်အထိ တက္ကသိုလ်သို့ ကိုယ်တိုင်လျှောက်ထားရန် လျှောက်လွှာခေါ်ယူခဲ့ခြင်းဖြစ်သည်။

 

“ဒီနှစ်အတွက်ဝင်ခွင့်ကို မနှစ်တုန်းက ခြောက်ဘာသာပေါင်းရမှတ်နဲ့ ခေါ်တယ်။ ဒီနှစ်ကတော့ လေးဘာသာပေါင်း ၃၂၀ နဲ့အထက်ကို ခေါ်တာပါ။ လူတွေ့တော့ မရှိပါဘူး”ဟု ရန်ကုန်နည်းပညာတက္ကသိုလ် သင်တန်းရေးရာဌာနမှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

ဝင်ခွင့်အတွက် ၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် မည်သည့်ဘာသာတွဲနှင့်မဆို အောင်မြင်သူတိုင်းလျှောက်ထားနိုင်ပြီး ရူပဗေဒ၊ ဓာတုဗေဒ၊သင်္ချာ၊ အင်္ဂလိပ် စသည့် လေးဘာသာပေါင်း ၃၂၀ နှင့်အထက် ရရှိသူများကိုလျှောက်ထားနိုင်ရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

 

သင်တန်းဝင်ခွင့်ရရှိသူများကို ဩဂုတ် ၁၅ ရက်တွင် ကြေညာပေးမည်ဖြစ်ပြီး ကျောင်းအပ်လက်ခံမည့်ရက်မှာ ဩဂုတ် ၁၆ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ ဖြစ်သည်။

 

ရန်ကုန်နည်းပညာတက္ကသိုလ် ဘွဲ့ကြိုပထမ နှစ်သင်တန်းအတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှ စတင်၍ ဖွင့်လှစ် မည်ဖြစ်သည်။

 

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ဘာသာရပ်ပေါင်း ၁၂ ခု ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ခြောက်နှစ်တာ တက်ရောက် ပညာသင်ယူရကြောင်း၊ လက်ရှိတွင် တက်ရောက်နေသည့် ဘွဲ့လွန်၊ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀ဝ၀ ကျော်ရှိသည်။

 

၂၀၁၇-၂၀၁၈ ပညာသင်နှစ်က ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ကျောင်းသားအမြင့်ဆုံး ဝင်ခွင့်ပြုရမှတ် ၅၅၅ မှတ်၊ အနိမ့်ဆုံးဝင်ခွင့်ပြုရမှတ် ၅၀၃ မှတ်နှင့် ကျောင်းသူအမြင့်ဆုံးဝင်ခွင့်ပြု ရမှတ် ၅၄၂ မှတ်၊ အနိမ့်ဆုံးဝင်ခွင့်ပြုရမှတ် ၅၀၃ မှတ်တို့ဖြစ်သည်။

 

MDN