ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေ ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းများနှင့် ပတ်သက်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေအရ အစစ်ဆေးခံလျက်ရှိ

ရန်ကုန် ၁၃ ဇွန်

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေ ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေအရ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှတစ်ဆင့် ဥပဒေအတိုင်း တာဝန်ယူ ဆောင်ရွက်လျက်ရှိသကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကလည်း ယင်းဥပဒေအရ အစစ်အဆေးခံလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၄၅)ရက်မြောက်နေ့ကို ယနေ့တွင် ကျင်းပခဲ့ပြီး  ပြည်သူ့ငွေစာရင်းကော်မတီ (ကိုယ်စား) အဖွဲ့ဝင် ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေ ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းများနှင့် စပ်လျဉ်း၍ ယင်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု အခြေအနေကို သိရှိနိုင်ရန်အတွက် ယင်းလုပ်ငန်းများနှင့် ပတ်သက်သော စာရင်းစစ် အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရန် အစီအစဉ်ရှိ/မရှိ မေးမြန်းမှုအပေါ် ဝန်ကြီး ဦးမြင့်သောင်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၃/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၂၅ ပုဒ်မခွဲ(ခ)ကို မူလဥပဒေအတိုင်း မပြောင်းလဲဘဲ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊ (၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂)တွင် ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈) ပုဒ်မ ၅ ၌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေ ပုဒ်မ ၂၅ တွင် ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ဃ)တို့ကို အစားထိုးခဲ့ပါကြောင်း၊ ပုဒ်မခွဲ(က)အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ အရအသုံးစာရင်းများနှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်တင်ပြခြင်းနှင့် ထူးခြားသော အခြေအနေတွင် အခါအားလျော်စွာ တင်ပြခြင်း၊ ပုဒ်မခွဲ(ဃ)အရ မိမိ၏ ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်ထံသို့ အစီရင်ခံစာ တင်ပြသည်နှင့် တစ်ပြိုင်တည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ အစီရင်ခံ တင်ပြခြင်းဟု ဖော်ပြထားပါကြောင်း ပြောကြားသည်။

 

သို့ဖြစ်ပါ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စာရင်းစစ်ချုပ်၏ တာဝန်အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ အရအသုံး စာရင်းများနှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်တင်ပြခြင်း ထူးခြားသော အခြေအနေတွင် အခါအားလျော်စွာ တင်ပြခြင်းနှင့် ၎င်းတို့၏ ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အစီရင်ခံ တင်ပြသည်နှင့် တစ်ပြိုင်တည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အစီရင်ခံ တင်ပြခြင်း အစီအစဉ်များကို ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေအရ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့လည်း ဒီကိစ္စနှင့် ပတ်သက်ပြီး အစစ်ဆေးခံလျက်ရှိပါကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ဖြေကြားခဲ့သည်။

 

MDN