ရန်ကုန်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ဆပ်ကော်မတီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန် ၂၁ မေ

၂၀၁၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး စားပွဲတင်တင်းနစ် ဆပ်ကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

 

4403

 

အခမ်းအနားတွင် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး တစ်ဦးချင်း အသက်(၁၂)နှစ်အောက် အသက်(၁၅)နှစ်အောက် (၁၈)နှစ်အောက်ပြိုင်ပွဲ၊  အသက်(၅၅)နှစ် အောက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ်များ ဂုဏ်ပြုဆုချီးမြှင့်ငွေများကို ရန်ကုန်တိုင်းဒေသကြီး စားပွဲတင်တင်းနစ် ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ မြို့နယ်ပေါင်းစုံ အမျိုးသမီး အလွတ်တန်းပြိုင်ပွဲ၌ ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယ ဆုရရှိသူများကို Hope For Ladies Foundation Myanmar မှ ဥက္ကဋ္ဌ ဒေါ်ဇင်လဲ့လဲ့ခိုင် မှလည်းကောင်း၊ မြို့နယ်ပေါင်းစုံ အမျိုးသား အလွတ်တန်း တစ်ဦးချင်းပြိုင်ပွဲ၌ ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယ ဆုရရှိသူများကို မြန်မာနိုင်ငံစားပွဲ တင်တင်းနစ် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်မှ လည်းကောင်း၊ မြို့နယ်ပေါင်းစုံ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ၌ ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယ ဆုရရှိသူများကို တစ်ဦးချင်းဆုတံဆိပ်များနှင့် တံခွန်စိုက်ဆုဖလားကြီးအား ရန်ကုန်တိုင်းဒေသကြီး စားပွဲတင်တင်းနစ် ဆပ်ကော်မတီဥက္ကဋ္ဌက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက မြို့နယ်ပေါင်းစုံ အမျိုးသားအသင်းလိုက်ပြိုင်ပွဲ၌ ပထမ (လသာမြို့နယ်)အသင်း၊ ဒုတိယ (ဗိုလ်တထောင်မြို့နယ်)အသင်း၊ ပူးတွဲတတိယ (မြောက်ဒဂုံမြို့နယ်) အသင်းနှင့် (တာမွေမြို့နယ်) အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို မေ ၁၈ ရက်က စတင်ကျင်းပခဲ့ပြီး မြို့နယ်ပေါင်း ၃၂ မြို့နယ်မှ အသင်းပေါင်း ၃၅ သင်း အားကစားသမား ၂၆၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အေကေလင်း