ရန်ကုန်တိုင်းဒေသကြီး ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲ၌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲ

၂၀၁၈ ခုနှစ်  ရန်ကုန်တိုင်းဒေသကြီး ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု (တတိယပတ်) လူထုလမ်းလျှောက်ပွဲကို  ယနေ့ နံနက် ၅ နာရီခွဲက ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းနှင့် စကားဝါလမ်းဆုံ၌ ကျင်းပခဲ့သည်။

လမ်းလျှောက်ပွဲတွင် လူမူရေးဝန်ကြီး ဦးနိုင်ငံလင်းက သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးခဲ့ပြီး မြို့မကျောင်းလမ်းနှင့် စကားဝါလမ်းဆုံမှစတင်ကာ ဦးဝိစာရအဝိုင်းမှ ရွှေတိဂုံဘုရား တောင်ဘက်မုဒ်နှင့် အရှေ့ဘက်မုဒ် သွေးဆေးကန်လမ်းမှ အာဇာနည်ကုန်း၊ ယင်းမှတစ်ဆင့် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ဘောလုံးကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။ 

ထို့နောက် ကိုယ်ကာယလေကျင့်ခန်း အတွဲ(၁) အမှတ်(၁)နှင့် အတွဲ(၁) အမှတ်(၂)တို့ဖြင့် ကိုယ်လက်လှုပ်ရှား အကြောပြေလေ့ကျင့်ခန်းများကို ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဌာနမှ သရုပ်ပြလေ့ကျင့်ပေးလျက်ရှိပြီး လူထုလမ်းလျှောက်ပွဲဆင်နွှဲကြသူများက ပါဝင်လှုပ်ရှား လိုက်လံပြုလုပ်ခဲ့ကြသည်။

အဆိုပါ လမ်းလျှောက်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဦးဆောင်သော အခြေခံပညာ အလယ်တန်း အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

 

ဆန်းကျော်ဦး(ပြန်/ဆက်)