ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်  ပိန်းကန်ဓာတ်အားခွဲရုံနှင့် ဇွဲပလိုင် ဓာတ်အားခွဲရုံ ဖွင့်ပွဲများကျင်းပ

ရန်ကုန်  ၂၇  နိုဝင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉ -၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် ၊ ပိန်းကန်ဓာတ်အားခွဲရုံနှင့် ဇွဲပလိုင် ဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် အဆိုပါ ဓာတ်အားခွဲရုံများ၌  ကျင်းပသည်။

 

အခမ်းအနားများသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်လတ်နှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ  ခရမ်းမြို့နယ်  33/11 kV, 5 MVA  ပိန်းကန် ဓာတ်အားခွဲရုံ  ကမ္ဗည်းကျောက်စာမော်ကွန်းအား ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမင်းတို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

ထို့နောက် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ခရမ်းမြို့နယ် ဇွဲပလိုင် 33/11 kv, 10 MVA ဓာတ်အားခွဲရုံဖွင့်ပွဲ၌ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ယင်းနောက် ဇွဲပလိုင်      33/11 kV, 10 MVA ဓာတ်အားခွဲရုံ ကမ္ဗည်းကျောက်စာမော်ကွန်းအား   ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမင်း တို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုကြ​သည်။               

 

ဆက်လက်၍ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အဖွဲ့သည် ညနေ ၄ နာရီခွဲခန့်တွင် လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်ရှိ ငြိမ်းချမ်းရေးပန်းခြံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက ငြိမ်းချမ်းရေးပန်းခြံအား ဖဲကြိုးဖြတ်ပေးကာ ကမ္ပည်းမော်ကွန်းကျောက်စာအား ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ပန်းခြံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း  သိရသည်။

ဆန်းကျော်ဦး (ပြန် /ဆက် )