ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်  စေတနာရှင်များမှ ကျပ် ၃၂၇၅ သိန်းတန်ဖိုးရှိ ကိုဗစ်- ၁၉ ကာကွယ်ရေးပစ္စည်းများ ရခိုင်ပြည်နယ်သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်လှူဒါန်း

ရန်ကုန်  ၂၉  သြဂုတ်

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင် များက သြဂုတ် ၂၉ ရက်တွင် ငွေကျပ် ၃၂၇၅ သိန်းတန်ဖိုးရှိ ပစ္စည်း ၁၆ မျိုးကို ပြည်နယ်အစိုးရထံသို့မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့မှ  အမ်းမြို့သို့ ပို့ဆောင်လှူဒါန်းခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ်ဖြင့် ပို့ဆောင်သော ပစ္စည်း ၁၆ မျိုးမှာ ‌‌ရော်ဘာလက်အိတ် အစုံ ၂၀၀၀၀၊ PPE ဝတ်စုံ ၅၂၂၀ ၊ နှာခေါင်းစည်း ၃၈,၅၄,၅၀ ၊(Ventillation Servo) 10 Unsits ၊ အကာအကွယ် မျက်မှန် ၁၀၀   ၊ အဖျားတိုင်းစက် ခုရေ ၁၀၀   ၊ လက်သန့်ဆေးရည်ဘူး ၁၀၀၀၀ ၊ ပိုးသတ်ဆေးပုံး ၂၀၀  ၊ (Face Shield) ၆၄၀၀ ၊ ဆပ်ပြာတုံးဖာ  ၉၀  ၊ ကြာဆံအထုပ် ၃၀  ၊ အင်္ကျီအထည် ၁၅၀  ၊ လုံချည် ၃၄၀ ၊ အဝတ်နှာခေါင်း စည်း ခုရေ ၈၀၀  ၊ ပိုးသတ်ဆေးဖျန်းစက် ၂ လုံး ၊ ခွဲစိတ်ခန်းသုံးဝတ်ရုံ Surgical Gown ၄၂၁ ထည်တို့ကို  မော်တော်ယာဉ်များဖြင့် သြဂုတ် ၃၀ ရက် နံနက်ပိုင်းမှ စတင်ထွက်ခွာကာ ရခိုင်ပြည်နယ် အမ်းမြို့နယ် အရောက်ပေးပို့လှူဒါန်းမည်ဖြစ်သည်။

အလှူရှင်များသည်  ရခိုင်ပြည်နယ်အတွက်  ရန်ကုန်တိုင်းဒေသကြီအစိုးရအဖွဲ့ရုံးမှတစ်ဆင့် လှူဒါန်းရာ ယမန်နေ့က မင်္ဂလာခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူကာ ကျေးဇူးတင်စကား ပြောကြားပြီး  ဂုဏ်ပြုမှတ်တမ်းလွှာများ  ပြန်လည်ပေးအပ်ခဲ့ကြောင်း  သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)