ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အထည်အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ အထူးဇုန်များ တည်ထောင်ရန် သီးသန့်မြေနေရာ စီစဉ်နေဆဲဖြစ်

နေပြည်တော် ၂၀ ဇွန်

 

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် အထည်အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ အထူးဇုန်များ တည်ထောင်ရန်အတွက် သီးသန့်မြေနေရာ စီစဉ်နေဆဲဖြစ်သည့်အတွက် မြေ၊ အဆောက်အဦ၊ လျှပ်စစ်၊ ရေနှင့် သဘာဝဓာတ်ငွေ့ စသည့် အခြေခံအဆောက်အဦ (Infrastructure) များနှင့် ကျွမ်းကျင်လုပ်သားများ ရှိထားပြီးဖြစ်သည့် စက်မှုဝန်ကြီးဌာနပိုင် စက်ရုံများတွင် Industry Complex နှင့် Cluster များအား ရှေ့ပြေးအစီအစဉ် တစ်ရပ်အနေဖြင့် တည်ထောင်နိုင်ရန် ပုဂ္ဂလိကနှင့် ပူးပေါင်း၍ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို က ပြောသည်။

 

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက “အထည်အလိပ်ကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရန်အတွက် အထည်ချုပ် စက်မှုဇုန်များ (Garment Industry Zone)၊ ချည်မျှင်နှင့် အထည်အလိပ် စက်မှုဇုန်များ (Textile Industry Zone) တည်ထောင်ရန် အစီအစဉ် ရှိ မရှိ” မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက “ အမှတ်(၁) အထည်စက်ရုံ (ရွှေတောင်)ရှိ မြေလွတ် ၁၂၇ ဧကတွင် အထည်အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ အထူးအစုအဖွဲ့ (Specialized Textile and Garment Cluster) တည်ထောင်ရန် မြေပြုပြင်ခြင်းအတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက် တင်ပြတောင်းခံထားပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ အမှတ်(၃) အထည်စက်ရုံ၊ အမှတ်(၃) အထည်စက်ရုံခွဲနှင့် ဝါကြိတ်စက်ရုံတို့တွင် Textile Related Industry Cluster များ စတင်တည်ထောင်ထားရှိပြီး အမှတ်(၃) အထည်စက်ရုံခွဲတွင် အပ်ချုပ်စက် အလုံးရေ ၁၀ဝ တပ်ဆင်ပြီး ဖြစ်ပါ၍ Export အထည်များ ချုပ်လုပ်တင်ပို့နေပြီ ဖြစ်ပါကြောင်း။

 

စက်မှုနယ်မြေ (သထုံ)တွင် ရေဆိုးသန့်စင်မှုစနစ် အပါအဝင်ဖြစ်သော နိုင်ငံတကာ၌ ခေတ်စားနေသည့် ထိုးထည်များ ထုတ်လုပ်၍ ချည်ဆေးဆိုးခြင်း လုပ်ငန်းအား ကိုရီးယားနိုင်ငံ Daehan Knit ကုမ္ပဏီနှင့် JV ဆောင်ရွက်ရန် ဆွေးနွေးပြီးဖြစ်၍ မကြာမီ အကောင်အထည် ဖော်နိုင်မည် ဖြစ်ပါကြောင်း၊ အမှတ်(၂) အထည်စက်ရုံ(ပလိပ်)တွင် Textile Complex ထူထောင် နိုင်ရန်အတွက် Panda Textile Co.,Ltd နှင့် China Textile City Co.,Ltd တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည့် Myanmar Textile City Co.,Ltd မှ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရေနီ စက်မှုနယ်မြေ တွင်လည်း အထည်ချုပ် စက်ရုံများနှင့် ကုန်သေတ္တာ သိုလှောင်ရုံများ ထည်‌့သွင်းတည်ဆောက်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်း စီစဉ်ဆောင်ရွက်နေပါကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်ရှိ အမှတ်(၃) အကြီးစား စက်မှုလုပ်ငန်းပိုင် မြေနေရာတွင် သွင်းကုန်/ပို့ကုန် ကုန်စည်များအား လုံခြုံစွာ သိုလှောင်ထားရှိနိုင်မည့် ပြည်တွင်းရှိ စက်မှုဇုန်များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန်အတွက် ပင်မ Smart Bonded Warehouse ထူထောင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသကဲ့သို့ မြစ်ကြီးနား စီးပွားရေး ဖွံ့ဖြိုးမှုဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အထည်ချုပ် စက်မှုဇုန်(Garment Industry Zone) တည်ထောင်ရန် အစီအစဉ် ရှိပါကြောင်း။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် CMP စနစ်မှ FOB စနစ်သို့ ကူးပြောင်းနိုင်ရေး၊ Export Oriented Garment များ ထုတ်လုပ်ရန်အတွက် Supporting Cluster များ၊ အသေးစား လုပ်ငန်းများ ပါဝင်သည့် Backward Linkage Industry များနှင့် Garment Industry Zone၊ Textile Industry Zoneများ ဆက်လက် တည်ထောင်ရန် စီစဉ်ထားရှိပြီး ပုသိမ် စက်မှုဇုန်တွင်လည်း CMP စနစ် အထည်ချုပ်စက်ရုံ ငါးရုံ ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ထို့အတူ မအူပင် စက်မှုဇုန်ရှိ Maubin United Development Co., Ltd နှင့် JV လုပ်ငန်းများ၊ Maubin Industrial Park Project တွင် အထည်ချုပ်စက်ရုံ ၃၅ ရုံ ထူထောင်ရန် လျာထားပြီးဖြစ်ရာ ယခုအချိန်ထိ အထည်ချုပ်စက်ရုံ ၁၆ ရုံ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိနေပြီ ဖြစ်ကြောင်း။

 

အလားတူ သီလဝါ စက်မှုဇုန်အား အထူးစက်မှုဇုန်အဖြစ် ထူထောင်ရန် စက်မှုဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ထားရှိပြီး ၎င်းစက်မှုဇုန်သည် မြေဧကကျယ်သည့်အတွက် အလားတူ Bonded Warehouse များ ဆက်လက်ထူထောင်မည် ဖြစ်သည့်အတွက် စက်မှုဇုန်တွင် Supplying တစ်ခုလုံးအတွက် လိုအပ်သော SME လုပ်ငန်းများ အပါအဝင် သီလဝါစက်မှုဇုန်တွင် စက်မှုဝန်ကြီးဌာနပိုင် မြေနေရာ အမြောက်အမြား ကျန်ရှိနေသည့်အတွက် ၎င်းမြေနေရာများအား အသုံးချရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း” ဖြေကြားခဲ့သည်။

 

MDN