ရန်ကုန်တိုင်းရင်းဆေးရုံကြီး၌ တိုင်းရင်းဆေးကောင်စီဥပဒေမူကြမ်းအပေါ် ဆန္ဒထုတ်ဖော်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရားလမ်းရှိ ကုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး (ရန်ကုန်)တွင် ယနေ့နေ့လယ်ပိုင်းက တိုင်းရင်းဆေး ဆရာ/ဆရာမများ၊ ဝန်ထမ်းများ စုပေါင်းကာ ပြည်ထောင်စုလွှတ်တော်၌ ဒီဇင်ဘာ(၆)ရက်နေ့က အတည်ပြုခဲ့သော မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေ မူကြမ်းတွင်ပါရှိသည့် ဥပဒေပုဒ်မ ၁၅(စ)နှင့် ပတ်သက်၍ စုပေါင်း ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

 

"ကျွန်မတို့ ဆန္ဒပြအော်ဟစ်တာမဟုတ်ပါဘူး။ ကန်ပိန်းသဘောမျိုးလုပ်တာပါ။ ၁၅(စ)ကိုကန့်ကွက်တဲ့အနေ နဲ့လုပ်တာပါ။ ဘာကြောင့်ကန့်ကွက်လဲဆိုတော့ တရားမဝင်ဆေးကုနေတဲ့သူတွေကို တိုင်းရင်းဆေးဆရာ လက်မှတ်(တဆ)ပေးမှာကို မလိုလားတဲ့အတွက် ကျွန်မတို့ ကန့်ကွက်တာပါ။  ၁၅(စ)က မိရိုးဖလာ တိုင်းရင်းဆေးကုတဲ့ပုံစံမျိုးပေါ့။ အဖေဆေးကုလို့ သားကို(တဆ)ပေးမယ်ဆိုတဲ့ဟာမျိုးပေါ့။ အဲလိုမျိုး သက်ရောက်နေတဲ့အတွက် ၁၅(စ)ကို ကန့်ကွက်နေခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်တထောင်မြို့နယ် တိုင်းရင်း ဆေးမှူး ဒေါ်ကြည်ကြည်သင်းက ပြောသည်။

 

ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည့် ပုဒ်မ ၁၅ (စ) မှာ တိုင်းရင်းဆေးဆရာဖြစ်ထိုက်သူ အရည်အချင်း သတ်မှတ်ထားခြင်းဖြစ်ပြီး အဆိုပါဥပဒေနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနှံ့တွင် ကန့်ကွက် ကြောင်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်း ဆရာဆရာမများ၊ တိုင်းရင်းဆေးသိပ္ပံနှင့် တိုင်းရင်းဆေးတက္ကသိုလ်ဆင်း ဆရာဆရာမများ၊ တိုင်းရင်းဆေး ပညာ (သုံးဘာသာအောင်) (လေးဘာသာအောင်)၊ တစ်နှစ်သင်တန်းဆင်း ဆရာဆရာမများ တိုင်းရင်း ဆေးရုံ(ရန်ကုန်)နှင့်တိုင်းရင်းဆေးဝါစက်ရုံ(ရန်ကုန်)တို့မှ ဆရာဆရာမများ ပါဝင်ကြောင်း သိရသည်။

 

"ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ တိုင်းရင်းဆေးကောင်စီ ဥပဒေမှာ တိုင်းရင်းဆေးလောက သားတွေ အကုန်လုံး မလိုချင်တဲ့၊ မနှစ်သက်တဲ့ ၁၅(စ)ဆိုတဲ့ ဥပဒေပုဒ်မပါလာတယ်။ အဲဒီဥပဒေက အခု (တဆ)ရထားတဲ့ တိုင်းရင်းဆေးဆရာတွေအတွက်လည်း နစ်နာမှုရှိတယ်။ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့အခါမှာလည်း ပြည်သူလူထုအနေနဲ့ သမားစစ်၊ သမားယောင် ခွဲခြားရခက်နိုင်တဲ့ အနေအထားတွေ ကြုံလာရနိုင်တယ်။ အဲဒီအတွက်ကြောင့် ဒီပုဒ်မသည် ကျွန်တော်တို့ တိုင်းရင်းဆေး လောကအတွက် အန္တရာယ်ရှိတယ်။ အဲဒီအတွက်ကို ကျွန်တော်တို့က ဒီမှာလာပြီး ကန့်ကွက်ကြခြင်း ဖြစ်ပါ တယ်"ဟု တိုင်းရင်းဆေးကျောင်းသားဟောင်းများအသင်း တွဲဖက်အတွင်းရေးမှူး ဦးဟိန်းစိုးကျော်က ပြောကြားသည်။

 

အဆိုပါတိုင်းရင်းဆေးဥပဒေပုဒ်မ ၁၅(စ)နှင့်ပတ်သက်၍ ပြင်ဆင်နိုင်ရန် နိုင်ငံတော်သမ္မတကြီးထံသို့ တင်ပြ ထားပြီး သမ္မတကြီးနှင့်တွေ့ဆုံနိုင်ရန်ဆောင်ရွက်နေကြောင်း၊ ယင်းဥပဒအားပြင်ဆင်ခွင့် မရပါက နောင် ထွက်လာမည့် နည်းဥပဒေတွင် ကန့်သတ်နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဟိန်းစိုးကျော် က ဆက်လက်ပြောကြားသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း