ရန်ကုန်တက္ကသိုလ်၌ ပထမဦးစားပေးဘာသာရပ်အတွက် ဝင်ခွင့် လူတွေ့စစ်ဆေး

ရန်ကုန် ၂၃  ဇူလိုင် 

 

ရန်ကုန်တက္ကသိုလ်၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားရန် လျှောက်ထားခဲ့သော ကျောင်းသားကျောင်းသူများအား ဘာသာရပ်အလိုက် ယနေ့ နံနက်ပိုင်းမှစ၍ ပထမဦးစားပေးဘာသာရပ် အတွက် ဝင်ခွင့်လူတွေ့ စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသည့် ကျောင်းသားကျောင်းသူများအနေဖြင့် ပထမဦးစားပေးဘာသာရပ် တွင် ဝင်ခွင့်ဖြေဆိုအောင်မြင်ပါက ဒုတိယဦးစားပေးဘာသာရပ်ကို ထပ်မံဖြေဆိုရန် မလိုအပ်တော့ကြောင်း သိရသည်။ ပထမဦးစားပေးဘာသာရပ် ဝင်ခွင့်ရရှိသူများစာရင်းကို ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားရေးရာဌာနနှင့် ကြေငြာသင်ပုန်းများတွင်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်၏ တရားဝင် ဝက်ဘ်ဆိုက်နှင့်ဖေ့စ်ဘုတ်စာမျက်နှာများတွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ ပထမ ဦးစားပေးရရှိသူများစာရင်းတွင် မပါဝင်သူများသည် ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၉ နာရီတွင် ဒုတိယဦးစားပေး ဘာသာရပ်ကို ထပ်မံဖြေဆိုရမည်ဖြစ်သည်။ တတိယဦးစားပေးဘာသာရပ်ကိုမူ ဇူလိုင်လ ၃၀ ရက်နေ့တွင် ဖြေဆိုရန် သတ်မှတ်ထားကြောင်း သိရသည်။

 

ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် လူတွေ့မဖြေဆိုသော ဦးစားပေးဘာသာရပ်အတွက် လက်ခံစဉ်းစားမည် မဟုတ်ကြောင်းနှင့် ဝင်ခွင့်ရသော ဘာသာရပ်မှ အခြားဘာသာရပ်သို့ ဘာသာပြောင်းလျှောက်ထားခြင်းကို ခွင့် ပြုမည်မဟုတ်ကြောင်း ရန်ကုန်တက္ကသိုလ်က ထုတ်ပြန်ထားသည်။

 

ရန်ကုန်တက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားမှုများကို ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့အထိ လက်ခံ ပေးခဲ့ပြီး ယခုပညာသင်နှစ်တွင် ဝိဇ္ဇာဘာသာရပ် ၁၅ ခုနှင့် သိပ္ပံဘာသာရပ် ၁၁ ခုတို့အတွက် ကျောင်းသား ကျောင်းသူ ၂၁၃၀ ဦးကို လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း