ရန်ကုန်တွင် CBT  လုပ်ဆောင်ရန် မြို့နယ်အချို့ကို လေ့လာနေ

ရန်ကုန်  ၂၄ သြဂုတ် 


ရန်ကုန်တိုင်းဒေသကြီးတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism) ကို ဆောင်ရွက်ရန် မြို့နယ်အချို့အား ကွင်းဆင်းလေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန (ရန်ကုန်တိုင်းဒေသကြီး) မှ သိရသည်။


ရန်ကုန်တိုင်းဒေသကြီးတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း လုပ်ဆောင်ရန်အတွက် ဖြစ်နိုင်ခြေရှိသော မြို့ နယ်အချို့သို့ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဝန်ကြီးချပ်၏ လမ်းညွှန်မှုဖြင့် ကွင်းဆင်းလေ့လာနေခြင်းဖြစ်ကြောင်း သိရသည်။ 


“လောလောဆယ်တော့ ကျွန်တော်တို့က မြေပြင်မှာ ဖြစ်နိုင်ခြေရှိတဲ့ နေရာဒေသကို ရှာနေတုန်းရှိပါသေးတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံခြားသားတွေ စိတ်ဝင်စားဖို့အတွက် ဘာရနိုင်မလဲ။ ယဉ်ကျေးမှုရိုးရာ အခြေခံဘာရှိသလဲ။ လက်မှုရိုးရာလုပ်ငန်းတွေ ဘာရှိသလဲပေါ့နော်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း တက်နိုင်သမျှ နည်းပညာနဲ့ လိုအပ်တာ ကူညီမယ်။ အခုကတော့ လေ့လာနေတုန်းပဲ”ဟု ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောသည်။ 


ရန်ကုန်တိုင်းဒေသကြီးသို့ နိုင်ငံခြားသားခရီးသွားဧည့်များ လာရောက်လည်ပတ်ရာတွင် ဘုရားများသို့သာ အဓိကခရီးစဉ်ဒေသအဖြစ် ပို့ဆောင်ပေးနေရခြင်းကြောင့် ယင်းခရီးစဉ်ဒေသအပြင် ရွှေပြည်သာမြို့နယ်ရှိ လှော်ကားဥယျာဉ်ကို လှပသော ဥယျာဉ်အဖြစ် သက်ဆိုင်ရာဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့်လည်းကောင်း၊ သန်လျင်မြို့နယ်ရှိ တိုင်းရင်းကျေးရွာတွင် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ၊ ရိုးရာအစားအသောက်များအား တစ်နေရာတည်း လေ့လာနိုင်ရန် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကလည်း ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 


ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန်အတွက် ကော့မှူးမြို့နယ်၊ လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်ရှိ ကျေးရွာအချို့ကို ကွင်းဆင်းလေ့လာမှုပြုလုပ်နေခြင်းဖြစ်ပြီး လှည်းကူးမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့တွင်လည်း CBT လုပ်ငန်းအပြင် Eco Tourism လုပ်ငန်း လုပ်ကိုင်နိုင်သည့် နေရာဒေသများရှိသော်လည်း ယင်းမြို့နယ်တို့တွင် သောက်သုံးရေကန်များရှိသဖြင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သင့်၊ မသင့်ကို သစ်တောဦးစီးဌာန၊ သက်ဆိုင်ရာမြို့တော်စည်ပင်၊ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ နှင့် တိုင်ပင်ဆွေးနွေး၍ ဆုံးဖြတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 


သူရိန်ကျော်