ရန္တပိုကျေးရွာသို့ မြန်မာနိုင်ငံ သွားဆရာဝန်များအဖွဲ့မှ သွားနှင့် ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေး

မြင်းခြံ  ၂၅  ဇွန် 


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရန္တပိုကျေးရွာရှိ ရန္တပိုဟိုတယ်အတွင်း မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်များ အသင်းနှင့် မြင်းခြံခရိုင် ကျန်းမာရေးဦးစီးဌာနတို့သည် ရန္တပိုကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူများကို သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုအား ဇွန်လ ၂၄ ရက်၊ နံနက် (၉) နာရီ အချိန်မှ စတင်ကုသပေးခဲ့ကြောင်း သိရှိရသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသွားနှင့် ခံတွင်းကောင်စီ (Myanmar Dental Council) ၊ မြန်မာနိုင်ငံသွားနှင့် ခံတွင်း ဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး အသင်းခွဲ)နှင့် အပြည်ပြည်ဆိုင်ရာ သွားဘက်ဆိုင်ရာ ဆေးကောလိပ်အဖွဲ့ဝင် ဆရာဝန်များ (ICD, Section XIV, Myanmar) တို့ ပူးပေါင်းဆောင်ရွက်သည့် “ပြည်သူများ၏ သွားနှင့် ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု” (အခမဲ့)ကို  ရန္တပိုကျေးရွာတွင် လာရောက်၍ အသိပညာပေး ဟောပြောခြင်း၊ ကုသပေးခြင်း၊ သွားတိုက်ဆေး၊ သွားတိုက်တံများပေး၍ စနစ်တကျသော သွားတိုက်နည်းများကို ပြသပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ ထိုကဲ့သို့ သွားနှင့် ခံတွင်း ဆရာဝန်များမှ  ရန္တပိုကျေးရွာ၊ ကိုင်းကျေးရွာ၊ ဂင့်ဂဲ၊ ဥဒယ၊ ညောင်တို၊ ရွာသစ်၊ သိမ်တိုင်၊ တောပု၊ ကန်တော်၊ သရက်ကန် စသည့် ကျေးရွာများမှ  ပြည်သူများကို သွားရောဂါများ စစ်ဆေး ကုသပေးခြင်း၊ သွားပေါက်ဖာပေးခြင်း၊ သွားနုတ်ပေးခြင်းတို့အပြင် သွားစိုက်ပေးခြင်း၊ သွားဖုံးအံကပ်များ ပြုလုပ်ပေးခြင်းတို့ကို စေတနာ မေတ္တာရှေ့ထားပြီး အခမဲ့ ပြုစုကုသပေးခဲ့ကြသည်။ 


ယခုလို သွားလာရေးခက်ခဲသည့် ဒေသများသို့ လာရောက်ကုသဖြစ်ပုံကို မန္တလေးတိုင်းဒေသကြီး သွားနှင့်ခံတွင်း ဆရာဝန်အသင်း အတွင်းရေးမှူး ဒေါက်တာသင်းနိုင်ဦးမှလည်း ကျေးလက်ဒေသနေ ပြည်သူများ သွားနှင့် ခံတွင်းစောင့်ရှောက်မှုနှင့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုတို့ကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လူနာများကို နောက်ဆုံးပေါ် နည်းပညာဖြစ်သည့် သွားအရိုးထဲကို တိုင်ထည့်သည့်စနစ်ဖြစ်သည့် အမြစ်တုကုသနည်းကို လူနာကိုရွေးချယ် ကုသပေးသွားမည်ဖြစ်ကြောင်း၊ သွားနုတ်ပေးခြင်း၊ သွားဖာပေးခြင်း၊ အံကပ်များသွားစိုက်ပေးခြင်း၊ သွားဂျိုးများ သန့်ရှင်းရေး လုပ်ပေးခြင်းတို့ကို အခမဲ့ပြုလုပ် ပေးသွားမှာဖြစ်ကြောင်း၊ ယခုလို အခမဲ့ပြုလုပ် ပေးနိုင်ခြင်းမှာလည်း အလှူရှင်များရဲ့ ပံ့ပိုးကူညီမှုများကြောင့် ဖြစ်ကြောင်း၊ ယခုရန္တပိုတွင် လာရောက်ကုသပေးခြင်းမှာ ဟိုတယ်မှနေရေး၊ ထိုင်ရေး၊ စားသောက်ရေးများကို စီစဉ်ပေးကြောင်း လိုအပ်သော ဆေးဝါးများကိုလည်း သွားနှင့်ခံတွင်း ကုမ္ပဏီများမှ ကူညီပံ့ပိုးပေးကြောင်း၊ အသင်းအနေဖြင့် (၂) လတစ်ခါ ကွင်းဆင်းကုသကြောင်း၊ တစ်နှစ်လျှင် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် တစ်ခုခုသို့ သွားရောက် ကုသပေးကြောင်း၊ ယခင်နှစ်က ချင်းပြည်နယ်သို့ သွားရောက်ခဲ့ပြီး ယခုနှစ်တွင် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ကို သွားရောက်ကုသ ပေးသွားမည်ဖြစ်ကြောင်း ရောက်ရှိသည့် အရပ်ဒေသများတွင် ပြည်သူများကို အသိပညာပေးခြင်းအပြင် အဖွဲ့နှင့်အတူပါလာသည့် ညီလေး၊ ညီမလေး (သွားဆရာဝန်)များကို ကုသနည်း ( Up Date) များ ပြုလုပ်ပေးခြင်း ၊ မိမိတို့ အဖွဲ့နှင့် အတူပါလာသည့် ပစ္စည်းများကို ဒေသမှာရှိသည့် သွားနှင့် ခံတွင်း ဆရာဝန် အသင်းကို လှူဒါန်းပေးခဲ့ကြောင်း၊ ဒီအပြင် ကျောက်ခြစ်စက် အသစ်ကိုဝယ်ပြီး လှူဒါန်းပေးကြောင်း၊ ကျွန်တော်တို့ ပြန်သွားလျှင် ဆရာဝန် ညီလေး၊ ညီမလေးများမှာ ပညာလည်း ရရှိမယ်၊ ရပ်ရွာဒေသကို အကျိုးကျေးဇူးပြုဖို့ အတွက် သွားနှင့် ခံတွင်း ဆေးပစ္စည်းများလည်း ကျန်ခဲ့မယ်၊ ဆေးကိရိယာလည်း ကျန်ခဲ့မယ် အဲဒါတွေကို အမြဲတမ်း ဦးစားပေးဆောင်ရွက်ပေးခဲ့ကြောင်းကို ပြောပြသွားခဲ့သည် ။ ထို့အပြင်  ရန္တပိုဟိုတယ်ပိုင်ရှင် ဒေါက်တာ အောင်မြတ်ကျော်(သွားနှင့် ခံတွင်းဆရာဝန်) မှလည်း မိမိရပ်ရွာအကျိုးအတွက် တတ်နိုင်သည့်ဘက်မှ ဆောင် ရွက်ပေးခြင်းဖြစ်ကြောင်းကိုလည်း ပြောပြခဲ့သည်။ လာရောက်ကုသသည့် လူနာများဖြစ်သော ကန်တော်ကျေးရွာ မှ ဦးကျော်အေးကလည်း မိမိသွားကိုက်သဖြင့် လာရောက်ကုသကြောင်း၊ ယခုလို ကျေးရွာအထိလာရောက် ကုသပေးဖြင့် ကျေးဇူးတင်ပါကြောင်း၊  ရန္တပို(တ)ရွာမှ ဒေါ်ခင်ဝင်းကလည်း ဆရာဝန်များလာရောက်ကုသပေး သဖြင့် မိမိတို့မှာ အချိန်ကုန် သက်သာခြင်း၊ ကုသစရိတ်မပေးရသဖြင့် ငွေမကုန်သဖြင့် ကျေးဇူးတင်ပါကြောင်းတို့ကို ပြောပြခဲ့သည်။ 


 ရန္တပိုကျေးရွာသို့ ရောက်ရှိနေသော သွားနှင့် ခံတွင်း ဆရာဝန်များနှင့် ခရိုင်/မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် သွားနှင့် ခံတွင်း ကျန်းမာရေးအတွက် အသိပညာပေး ဟောပြောခြင်း လာရောက်ကုသသည့် ကျေးရွာများမှ ပြည်သူများအပြင် ကျောင်းသား၊ ကျောင်းသူများကိုပါ ကျန်းမာရေးအသိ ပညာများ ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါအဖွဲ့သည်  ရန္တပိုကျေးရွာတွင် (၂) ရက်ကြာ ကုသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


ဇော်မင်းနိုင်(မြင်းခြံ)