ရှဉ့်လည်းလျှောက်သာ ပျားလည်း စွဲသာ ပေါင်းစပ်ညှိနှိုင်း

၁ နိုဝင်ဘာ

လူမှုအသိုက်အဝန်းတစ်ခုတွင် စိန်ခေါ်မှုများ၊ အခက်အခဲများ ရှိသော်ငြားလည်း စီးပွားရေး အခြေအနေ ကောင်းမွန်နေပါက ကြုံတွေ့ရသော အခက်အခဲများ၊ စိန်ခေါ်မှုများအား ဖြေရှင်းနိုင်အား ရှိပေသည်။ အကယ်၍ စီးပွားရေးလည်းမကောင်း၊ အခက်အခဲမျိုးစုံလည်း ရင်ဆိုင်ကြုံတွေ့နေပါက အဆိုပါ လူမှုအသိုက်အဝန်း အနေဖြင့် ပြန်လည်နာလန်ထူနိုင်ရန် လွယ်ကူလှမည်မဟုတ်ချေ။

 

မြန်မာနိုင်ငံကဲ့သို့ နိုင်ငံတစ်နိုင်ငံ အနေဖြင့်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။ နိုင်ငံရေးပြဿနာများ၊ စိန်ခေါ်မှု များအား ရင်ဆိုင်ဖြေရှင်းနေရချိန်တွင် တစ်ဖက်တွင် စီးပွားရေး အခက်အခဲများနှင့်လည်း ကြုံတွေ့နေရဆဲ ကာလဖြစ်သည်။ နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရင်း တစ်ဖက်တွင် စီးပွားရေး ဦးမော့လာအောင် ကြိုးပမ်း အားထုတ်နေရသည်။ စီးပွားရေးသည် နိုင်ငံရေးနှင့် ဆက်နွှယ်နေသဖြင့် စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ရာ၌ နိုင်ငံရေး အကျပ်ကိုင်မှုများမှ ကင်းလွတ်အောင် သတိထား ဆောင်ရွက်နေရသည်ကို ပြည်သူများအနေဖြင့် သတိပြုနားလည်ရမည် ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မြင့်မားအောင် ဆောင်ရွက်ရာတွင် ပို့ကုန်မြင့်မားရေးသည် အဓိကကျသော အချက်ဖြစ်သည်။ သွင်းကုန်ထက် ပို့ကုန်မြင့်မားအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ကုန်သွယ်မှုလိုငွေ လျော့ကျကာ နိုင်ငံ့စီးပွား တိုးတက်မြင့်မားလာနိုင်သည်။ ပို့ကုန်များ တိုးတက်မြင့်မားရေးတွင် အရှေ့ဘက် ကုန်သွယ်ဖက် နိုင်ငံများမှာ အရေးပါသလို အနောက်ဘက်နိုင်ငံများမှာလည်း အရေးကြီးသည်။ အနောက်ဘက် ကုန်သွယ်ဖက် နိုင်ငံများတွင် အီးယူသည် အရေးကြီးသော ကုန်သွယ်ဖက် အဖွဲ့အစည်းဖြစ်သည်။

 

ယခုရက်ပိုင်းတွင် ဥရောပသမဂ္ဂ ကုန်သွယ်မှု အခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအတွက် ဆန်းစစ်လေ့လာနေသည်ကို တွေ့ရသည်။ နိုင်ငံအများနှင့် ကုန်သွယ်မှုပြုရာတွင် အခွန်အကောက်ကဲ့သို့သော ကုန်သွယ်မှု အခွင့်အရေးများ ရရှိမှုသည် စီးပွားရေး အားသာချက်များကို ဖြစ်စေသည်။ ထိုအခွင့်အရေးကို အီးယူထံမှ ဒီမိုကရေစီ အသွင်ကူးပြောင်းစ ဖြစ်သော၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံက ပြန်လည်ရရှိထားသည်။

 

ယခုအခါ အီးယူကုန်သွယ်မှု အခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ရခိုင်ပြည်နယ် အပါအဝင် အခြားဒေသများ၌ ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းပြည်၏ အလုပ်ရှင်၊ အလုပ်သမား၊ လုပ်ငန်းခွင် အခြေအနေများ၊ ဆက်ဆံရေး အခြေအနေများအား မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာများကို တွေ့ဆုံကာ လေ့လာသုံးသပ်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအား ပေးအပ်ထားသော ကုန်သွယ်မှု အခွင့်အရေးများ ထိခိုက်နစ်နာမှု မရှိစေရေးအတွက် သတိတရား လက်ကိုင်ထားပြီး ဆင်ခြင်ဉာဏ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

 

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ကြုံတွေ့နေရသော ပြဿနာများ၊ စိန်ခေါ်မှုများကို သတိကြီးစွာထား၍ အကောင်းဆုံး ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးနေပြီး နိုင်ငံရေးဖိအားများ လျော့နည်းကျဆင်းအောင် ကြိုးပမ်း အားထုတ်နေသည်။ အခြေအနေများ ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် ပြည်သူအားလုံးက ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံမှ အီးယူသို့ တင်ပို့နေသည့် ပို့ကုန်များတွင် အထည်ချုပ် လုပ်ငန်းသည် ၇၂ ရာခိုင်နှုန်းရှိပြီး အများဆုံးဖြစ်သည်။ ကျန်လုပ်ငန်းများတွင် စိုက်ပျိုးရေးလုပ်ငန်းမှ ကိုးရာခိုင်နှုန်း၊ အခြားလုပ်ငန်းမှ ခြောက်ရာခိုင်နှုန်း ရှိသည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် သန်းနှင့်ချီ၍ရှိသော အလုပ်သမားများနှင့် လူမှုပတ်ဝန်းကျင်တွင် ဆက်စပ်မှု ရှိနေသည့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ကောင်းမွန်မှုကို ဖြစ်စေသည့် ကုန်သွယ်မှု အထူးခံစားခွင့်၏ အကျိုးသက်ရောက်မှုများကို သိရှိနားလည် သဘောပေါက်ပြီး မြန်မာနိုင်ငံနှင့် အီးယူနိုင်ငံ များအကြား ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ လုပ်သာကိုင်သာရှိအောင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။    ။