ရပ်ရွာအခြေပြု Community Based Policing စီမံချက်ကာလ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းကျဆင်း

ရန်ကုန်၊ ၂၅ ဇန်နဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး (၄၅)မြို့နယ်တွင် (၄၄)မြို့နယ်အား ရပ်ရွာအခြေပြု Community Base Policing စီမံချက်ကာလ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး တည်ငြိမ်မှု အကောင်းဆုံးကာလဖြစ်ကြောင်း လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။

 

၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ ပြည်သူအခြေပြု ရဲလုပ်ငန်းစီမံချက်ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က စီမံချက်ရေးဆွဲ၍ ဝန်ကြီးချုပ်ထံ လမ်းညွှန်ချက်ခံယူကာ ကနဦးစီမံချက်အဖြစ် လှိုင်သာယာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ကမာရွတ်နှင့် သံလျင်မြို့နယ် လေးမြို့နယ်ကို စတင်ဆောင်ရွက်ခဲ့ရာ ထိုမြို့နယ်အတွင်း ဉပဒေစိုးမိုးလွှမ်းခြုံလျက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး၊ သက်ဆိုင်ရာ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့တို့ပူးပေါင်း၍ မြေပြင်ကွင်းဆင်းမှုဖြင့် တရားဉပဒေစိုးမိုးရေးကို ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 “အဲ့ဒီကာလမှာ လှိုင်သာယာမြို့နယ်ဟာ တရားဥပဒေစိုးမိုးရေး အကောင်းဆုံးကာလလို့ ပြောရမှာပါ။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် လှိုင်သာယာကို ညပိုင်းလာတယ်၊ တော်တော်ကောင်းခဲ့ပါတယ်။ မြို့နယ်လည်း တည်တည်ငြိမ်ငြိမ်ရှိခဲ့တယ်။ တရားဥပဒေစိုးမိုးရေးဆိုတာ အားလုံးပူးပေါင်းဆောင်ရွက်မှ ရလဒ်ကောင်းကိုရမှာပါ။ မိမိရပ်ရွာကို မိမိကိုယ်တိုင်ကာကွယ်ဖို့ လေ့ကျင့်ဖော်ဆောင်ခဲ့တဲ့ အကျိုးကျေးဇူးကို ပြည်သူတွေခံစားခဲ့ရတယ်လို့ ဆိုရမယ်။ အဲ့ဒီအချိန်က အမှတ်(၅)၊ အမှတ်(၇)ရပ်ကွက်နဲ့ အမှတ်(၂၀)ရပ်ကွက်ဟာ ဒုစရိုက်မှုကျဆင်းသွားတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးကလည်း ဖိဖိစီးစီးဆောင်ရွက်ကြတယ်။ သူတို့အဖွဲ့လိုက် နယ်ထိန်းနဲ့ ညတိုင်း လမ်းတိုင်းကိုဆိုင်ကယ်နဲ့ပတ်ကြတာ။ ဒုစရိုက်မှုလျော့ကျခဲ့တဲ့ ဥပဒေစိုးမိုးရေး ထိရောက်တဲ့ကာလဆိုရင် မမှားဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီး (၄၄)မြို့နယ်တွင် မှုခင်းဖြစ်ပွားမှုများသော အဆိုပါလေးမြို့နယ်ကို ပိုင်းလော့ပရောဂျက် ရှေ့ပြေးစီမံကိန်းအဖြစ် ၂၀၁၆ ခုနှစ်၊ ဇွန် ၁၄ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ရလဒ်ကောင်းများရရှိသဖြင့် ဩဂုတ် ၁ ရက်၌ ၈ မြို့နယ်ကို တိုးမြှင့်ဆောင်ရွက်ခဲ့ရာ တိုင်းဒေသသကြီးတစ်ခုလုံးကို လွှမ်းခြုံနိုင်ရန် အောက်တိုဘာ ၁ ရက်တွင် မှုခင်းကျဆင်းရေးကို ဆက်လက်ဆောင်ရွက်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒုစရိုက်မှုများ ကျဆင်းသောကာလဖြစ်ကြောင်းနှင့် ရပ်ရွာအခြေပြု Community Based Policing စီမံချက်ကာလ၌ မှုခင်းဖြစ်ပွားမှုများသော လှိုင်သာယာမြို့နယ် အပါအဝင် လေးမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းဖြစ်ပွားမှု ကျဆင်းခဲ့ကြောင်း သိရသည်။

(၁၆၄)

ဓာတ်ပုံ- အောင်သန်းဦး