ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေးသင်တန်းဖွင့်ပွဲ ကသာမြို့၌ ကျင်းပ

ကသာ  ၁၈  ဒီဇင်ဘာ 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ရပ်ရွာအခြေပြု မူးယစ် ဆေးဖြတ် ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နံနက်(၁၁)နာရီ ခန့်က ကသာမြို့၊ ဧရာရွှေလီခန်းမ၌ ကျင်းပပြုလုပ်သည်။

 

5

 

အဆိုပါ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ထိုသို့အဖွင့်အမှာစကားပြောကြားရာတွင် "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်များအတိုင်း စီမံချက်များရေးဆွဲပြီး စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မူးယစ်ဆေးဖြတ်ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေးသင်တန်းများ ဖွင့်လှစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သင်တန်းဆင်းသွားသော သင်တန်းသားများအား နောက်ဆက်တွဲ စောင့်ရှောက်မှုများပေးနိုင်ရန်အတွက် စေတနာ့ဝန်ထမ်း မူးယစ် ကြီးကြပ်ရေးမှူးများ ကိုလည်း ဝန်းသိုမြို့နယ်နှင့် နမ်းခမ်းကျေးရွာတို့တွင် မြို့နယ်အဆင့်နှင့် ကျေးရွာအဆင့် သင်တန်းများ ပေးပြီး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဟုမ္မလင်းနှင့် ကလေးမြို့ များတွင်လည်း ဖွင့်လှစ်ဆောင်ရွက်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း သင်တန်းသားများအား အသက်မွေးဝမ်းကျောင်းပညာရပ်များကိုလည်း သင်ကြားပေးပြီး ၎င်းအသက်မွေးဝမ်းကြောင်းဖြင့် မိမိဘဝနှင့် မိသားစုဘဝ၊ လူထုအသိုင်းအဝိုင်းအတွင်းတွင် ကောင်းမွန် သော ဘဝကိုရရှိပြီး ရပ်တည်နိုင်ရန် ကြိုးစားစေလိုကြောင်းနှင့် ကသာမြို့၌ သင်တန်းဖွင့်လှစ်စဉ် ကာလအတွင်း ကသာခရိုင်၊ ကသာမြို့ရှိ စေတနာရှင် မြို့မိမြို့ဖများ၊ လူငယ်အသင်းအဖွဲ့များ၊ INGO/NGO များမှလည်း ထိရောက်အောင်မြင်သော သင်တန်းတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ဝိုင်းဝန်းကူညီပေးစေလိုကြောင်း" တိုက်တွန်းမှာကြားခဲ့ပါသည်။ ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းမှ ဗန်းမောက်မြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်များတွင်လည်း အဆိုပါ သင်တန်းများ ဖွင့်လှစ်နိုင်ရန်အတွက် တာဝန်ရှိသူများက ဆက်လက်ကူညီပေးစေလိုကြောင်း အမှာစကား ပြောကြားခဲ့သည်။

 

7

 

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းမှ သင်တန်းဖွင့်လှစ်ရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ၊  အားကစား ပစ္စည်းများနှင့် ကျန်းမာရေးဦးစီးဌာနမှ ဆေးရည်စိမ်ခြင်ထောင်များ ပေးအပ်ရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြသည်။အဆိုပါ သင်တန်းတွင် ကသာမြို့နယ်မှ သင်တန်းသား(၄၂)ဦးနှင့် ထီးချိုင့် မြို့နယ်မှ သင်တန်းသား(၆)ဦး၊ စုစုပေါင်း(၄၈)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၈-၁၂-၂၀၁၉)ရက်နေ့မှစတင်၍ ရက်(၄၀)ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရဲအောင်(ကသာ)