ရထားသံလမ်းပေါ် ကျောပေးလမ်းလျှောက်သူ (၃)ဦးအား ရထားတိုက်မိ၍ တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာများရရှိ

ရန်ကုန် ၂၁ ဇူလိုင်

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ရထားလမ်းပေါ် ကျောပေးလမ်းလျှောက်သူ (၃)ဦးအား ရထားတိုက်မိ၍ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာများရရှိမှု ဇူလိုင် ၂၀ ရက် ည ၇ နာရီ ၄၅ မိနစ်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ တညင်းကုန်းဘူတာနှင့် အောင်ဆန်းဘူတာကြားတွင် ရထားတိုက်မှုဖြစ်၍ လူ(၃)ဦး ဒဏ်ရာရရှိကြောင်း သိရသဖြင့် ဒုရဲမှူး တင်လတ်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ စက်ခေါင်းမောင်း ဦးဝင်းအောင်၊ ရထားထိန်း ကိုဇော်လွင်တို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DD-------၊ ငစိန်(၂)၊ မြို့ပတ်ရထားမှာ တညင်းကုန်းဘက်မှ အင်းစိန်ဘက်သို့ မောင်းနှင်လာစဉ် တညင်းကုန်းဘူတာနှင့် အောင်ဆန်းဘူတာကြား မိုင်တိုင်အမှတ်(12/5-4) အရောက် ရထားလမ်းပေါ် ကျောပေးလမ်းလျှောက်သွားသူ မဇင်မာအောင် (၂၅)နှစ်၊ အောင်ဆန်းရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူ၊ ချစ်ဦး (၁၉)နှစ်၊ ဇင်မင်းထွန်း (၁၈)နှစ် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နေသူတို့အား ဝင်ရောက်တိုက်မိခဲ့ကြောင်း၊ မဇင်မာအောင်မှာ ရရှိသောဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ချစ်ဦးနှင့် ဇင်မင်းထွန်းတို့တွင် ဒဏ်ရာများ အသီးသီးရရှိ၍ အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် အင်းစိန်မြို့မရဲစခန်းမှ အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)