ရတနာပုံအသင်း လက်ရှိချန်ပီယံ ရန်ကုန်ကို အိမ်ကွင်း၌ အနိုင်ယူ

၂၇ ဇန်နဝါရီ    

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၃) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ကွင်းသုံးကွင်း၌ ကျင်းပရာ ရတနာပုံနှင့် ဟံသာဝတီအသင်း နိုင်ပွဲရရှိခဲ့သည်။

 

ဗထူးကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက ရန်ကုန်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ နှစ်ပွဲဆက်အနိုင်ရထားသည့် လက်ရှိချန်ပီယံ ရန်ကုန်အသင်း၏ နိုင်ပွဲဆက်မှုကို ရတနာပုံ အသင်းက အိမ်ကွင်း၌ ရပ်တန့်ကာ ပထမဆုံးနိုင်ပွဲ ရှာဖွေနိုင်ခဲ့သည်။ ရတနာပုံအသင်းသည် ပုံစံကောင်းပြသနိုင်ခဲ့ပြီး ပထမဆုံးနိုင်ပွဲကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် အဝေးကွင်း၌ ပထမဆုံးကစားသည့်ပွဲတွင် ရလဒ်ကောင်းရရန် ကြိုးပမ်းသော်လည်း ပထမဆုံးရှုံးပွဲကြုံတွေ့ ခဲ့ရသည်။ သို့သော် ထိပ်ဆုံးနေရာရယူနိုင်မည့် အသင်းများ နိုင်ပွဲပျောက်ဆုံးခဲ့၍ ရန်ကုန်အသင်းမှာ ထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

 

ရတနာပုံအသင်းသည် နိုင်ပွဲရယူနိုင်ရန် အတောင့်တင်းဆုံးလူစာရင်းဖြင့် ပွဲထွက်ခဲ့ပြီး ကစားသမားအများစုမှာ ပုံစံကောင်းပြနိုင်ခဲ့သည်။ ရန်ကုန်အသင်းမှာမူ ခံစစ်ကစားသမားများဖြစ်သည့် မိုကာလူးနှင့် သိန်းဇော်တို့ ဒဏ်ရာရနေ၍ မင်းကိုသူနှင့် ပြည့်ဖြိုးဇော်တို့အတွဲကို အသုံးပြုခဲ့ပြီး ယခုပွဲတွင် လိုအပ်ချက်များရှိနေခဲ့သည်။ ယာမာဇာကီပြန်ပါလာ၍ ကွင်းလယ်ကစားပုံပြန်ကောင်းလာသော်လည်း လိုအပ်နေသည့်နိုင်ပွဲကိုမူ ရယူနိုင်ခြင်းမရှိခဲ့ပေ။ နှစ်သင်းစလုံး ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၁၅ မိနစ်တွင် ဝင်းနိုင်စိုးက တစ်ကိုယ်တော်အစွမ်းဖြင့် ရတနာပုံအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် ရန်ကုန်အသင်းက တိုက်စစ်အားပြုကစားလာပြီး ၂၉ မိနစ်တွင် ရတနာပုံနောက်တန်း အမှားကို အသုံးချကာ မီလာက ချေပဂိုးပြန်သွင်းခဲ့သည်။ ဒုတိယပိုင်းတွင် ရတနာပုံအသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ၄၈ မိနစ်တွင် လှိုင်းဘိုဘိုက ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး ဒုတိယဂိုးရယူခဲ့ပြီး ၅၈ မိနစ်တွင် ဝင်းနိုင်ထွန်းက တတိယဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ရန်ကုန်အသင်းက ချေပဂိုးရရန် ကစားသမားများအပြောင်းအလဲပြုလုပ်ခဲ့ပြီး လူငယ်ကစားသမားများဖြစ်သည့် ကောင်းထက်စိုး၊ သူရိန်စိုးနှင့် သက်ပိုင်စိုးတို့ဝင်လာပြီးနောက်ပိုင်းတွင် ကစားအားတက်လာပြီး ဂိုးသွင်းခွင့်များပြန်လည်ရရှိခဲ့သည်။ ရန်ကုန်အသင်းသည် ချေပဂိုးရနိုင်သည့် အခွင့်အရေးများ လေးကြိမ်ထက်မနည်းရခဲ့သော်လည်း ၇၃ မိနစ်တွင် ကောင်းထက်စိုး သွင်းယူသည့်တစ်ဂိုးသာပြန်ရခဲ့၍ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် Chinland အသင်းနှင့် ဧရာဝတီအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ဧရာဝတီအသင်းသည် ယခုပွဲအနိုင်ရလျှင် ထိပ်ဆုံးနေရာကို ရယူနိုင်မည်ဖြစ်သော်လည်း ရန်ကုန်အသင်း၏ အရှုံးကို အခွင့်ကောင်းမယူနိုင်ခဲ့ပေ။ နှစ်ပွဲဆက်ရှုံးထားသည့် Chinland အသင်း၏ ရုန်းကန်မှုကြောင့် ဧရာဝတီအသင်း အခက်တွေ့ခဲ့ရပြီး လေးမိနစ်တွင် အီမန်နျူရယ်က ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ဧရာဝတီအသင်းသည် ၁၅ မိနစ်တွင် ဆာဆက်၏ဂိုးဖြင့် ချေပဂိုးပြန်ရသော်လည်း အနိုင်ဂိုးထပ်မသွင်းနိုင်၍ သရေဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ ပဲခူး Grand Royal ကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက မကွေးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဟံသာဝတီအတွက် အနိုင်ဂိုးကို ၇၅ မိနစ်တွင် ပိုဒါက သွင်းယူခဲ့သည်။ ပွဲစဉ် (၃) အပြီးတွင် ရန်ကုန်နှင့် ဟံသာဝတီအသင်းက ခြောက်မှတ်စီ၊ ရှမ်းယူနိုက်တက်၊ ရခိုင်၊ ဧရာဝတီနှင့် ရတနာပုံအသင်းတို့က ငါးမှတ်စီ၊ စစ်ကိုင်းနှင့် ဇွဲကပင်အသင်းက လေးမှတ်စီ၊ ဒဂုံ နှင့် Southern အသင်းက သုံးမှတ်စီ၊ မကွေးနှင့် Chinland အသင်းက တစ်မှတ်စီရထားသည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်