ရုံးပိတ်ရက် သုံးရက်ရှိတဲ့အတွက် သူငယ်ချင်းတွေနဲ့ ခရီးထွက်ဖို့ စီစဉ်ထားပါတယ်

ရန်ကုန် ၉ ဖေဖော်ဝါရီ

ယခုလာမည့် ဖေဖော်ဝါရီ ၁၀၊ ၁၁၊ ၁၂ ရက်သည် စနေ၊ တနင်္ဂနွေနေ့အပြင် ပြည်ထောင်စုနေ့နှင့်ပါ တိုက်ဆိုင်နေ၍ အများပြည်သူတို့အတွက် ရုံးပိတ်ရက် သုံးရက် တစ်ဆက်တည်း ဖြစ်သွားခဲ့သည်။ အများပြည်သူ ရုံးပိတ်ရက် သုံးရက်တာ ကာလအတွင်း လူမှုဘဝ စတိုင်အလိုက် ကိုယ်စီကိုယ်င အနားယူ အပန်းဖြေကြမည့် ပြည်သူအချို့၏ စကားသံများကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

Ever Seiko Co.,ltd မှ ကုမ္ပဏီအရောင်းဝန်ထမ်း မဇင်မာက “ဒီတစ်ပတ်မှာတော့ ရုံးပိတ်ရက် သုံရက်ရှိတဲ့အတွက် သူငယ်ချင်းတွေနဲ့ ခရီးထွက်ဖို့ စီစဉ်ထားပါတယ်။ စိတ်ပင်ပန်း နွမ်းနယ်မှုတွေကို ပြေပျောက်အောင် ကမ်းခြေတစ်ခုကို သွားရောက်လည်ပတ်မှာပါ။ မတွေ့ရတာကြာပြီတဲ့ သူငယ်ချင်းတွေနဲ့အတူ စုပေါင်းပြီး သွားမှာဆိုတော့ ပျော်စရာတော့ ကောင်းမှာပါ။ ဒေသန္တရ ဗဟုသုတတွေလည်း အများကြီးရမယ်လို့ ထင်ပါတယ်။ အရင်ရုံးပိတ်ရက်တွေမှာ ကတည်းက ခရီးထွက်ဖို့ စီစဉ်ခဲ့တာပါ။ အဲဒီတုန်းက မသွားဖြစ်တဲ့အတွက် အခုလိုရုံးသုံး ရက်ပိတ်တဲ့ အချိန်ကိုရွေးပြီး ခရီးထွက်ဖို့ စီစဉ်ခဲ့တာပါ။ ပြည်ထောင်စုနေ့မှာ ကမ်းခြေတစ်နေရာကို ရောက်နေမှာဆိုတော့ ဒါဟာလည်း ရုံးပိတ်ရက်တွေထဲက အမှတ်တရ တစ်ခုဖြစ်မယ်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

MDN