ရုံးပိတ်ရက်ရှည်ကာလ ကျွန်းအပန်းဖြေခရီးသွားပြည်သူများ ပိုမိုများပြား

မြိတ် ၃ မတ်

 

တပေါင်းလပြည့်နေ့၊ တောင်သူလယ်သမားနေ့နှင့် စနေ၊ တနင်္ဂနွေနေ့များသည် အစိုးရရုံးပိတ်ရက် ကာလများဖြစ်၍ အနယ်နယ်အရပ်ရပ်မှ ကျွန်းအပန်းဖြေ ခရီးသွားမည့်သူများ လေယာဉ်၊ ကားကြီး ကားငယ်များဖြင့် မြိတ်မြို့သို့ လာရောက်ကြရာ ပုံမှန်ထက် ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

 

မြိတ်ကျွန်းစုတွင် ကျွန်းအပန်းဖြေခရီးသွားရောက်နိုင်သည့် ကျွန်းများမှာ လေးကျွန်း၊ ဒုံးကျွန်း၊ ဒုံးရေတံခွန်၊ နတ်သမီး ရေတွင်းကျွန်း၊ ပါပန့်ကျွန်း၊ တောင်ပံကြီးကျွန်း၊ လိပ်ဥစောင်ကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဓနသိဒ္ဓိကျွန်း၊ သဲနက်တန်း (နှစ်ဖက်လှ)ကျွန်း  စသည့် ကျွန်းများရှိရာ ရုံးပိတ်ရက်ရှည်ကာလ ကျွန်းအပန်းဖြေ ခရီးသွားပြည်သူများသည် ဒုံးရေတံခွန်၊ ပါပန့်ကျွန်းခရီးစဉ်နှင့် လေးကျွန်းသမီးလှကျွန်း ခရီးစဉ်များကို ပိုမိုသွားရောက်ကြကြောင်း သိရသည်။

 

ကျွန်းအပန်းဖြေခရီးအနေဖြင့် ပုံမှန် နေ့စဉ် ခရီသွား ၄၀ ဦးနှင့် ၅၀ ဦးသာရှိခဲ့ရာမှ ရုံးပိတ်ရက်ရှည်ကာလတွင် တစ်နေ့လျှင် ၄၀ဝ ကျော် လာရောက်အပန်းဖြေကြကြောင်း BLISSFUL MYANMAR ခရီးသွားလုပ်ငန်းမှ ဒေါက်တာ သိန်းရွှေမြင့်မှပြောသည်။ မြိတ် - ကျွန်းစုရှိ ကျွန်းများသည် ဒေသခံများ၊ ခရီးသွားပြည်သူများ အပန်းဖြေအနားယူနိုင်သည့် သဘာဝအလှတရားများဖြင့် သာယာလှပသော ကျွန်းများဖြစ်၍ လာရောက်အပန်းဖြေသူများ ယခင်ထက် များပြားလာကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)