ရုံးပိတ်ရက်ရှည်ကာလ မန္တလေးမြို့ တန်ခိုးကြီးဘုရားများနှင့် အပန်းဖြေစခန်းနေရာများတွင် ခရီးသွားများဖြင့် အထူးစည်ကားနေ

မန္တလေး ၃ မတ်

 

မန္တလေးမြို့တွင် ရုံးပိတ်ရက်ရှည်ကာလအတွင်း ကုသိုလ်ပြုဘုရားဖူးရန်နှင့် အပန်းဖြေအနားယူရန် အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းခရီးသွားများ ဝင်ရောက်လာမှုကြောင့် တန်ခိုးကြီးဘုရားများနှင့် အပန်းဖြေစခန်းရှိရာ နေရာများတွင် အထူးစည်ကားလျက်ရှိကြောင်း သိရှိရသည်။

 

ကုသိုလ်ပြုလှူဒါန်း

 

ရုံးပိတ်ရက်ရှည် ခံစားရရှိသဖြင့် လွတ်လပ်ပေါ့ပါးစွာ ထွက်ခွာလာကြသည့် ပြည်တွင်းခရီးသွားများသည် မန္တလေးမြို့ရှိ သမိုင်းဝင် တန်ခိုးကြီးဘုရားများဖြစ်သော မဟာမုနိ၊ မန္တလေးတောင်၊ ကျောက်တော်ကြီးနှင့် ကုသိုလ်တော် ဘုရားများသို့ အများဆုံး သွားရောက်ဖူးမြော်၍ ကုသိုလ်ပြု လှူဒါန်းမှုများ ပြုလုပ်ကြကြောင်း သိရသည်။ “ ကုသိုလ်တော်ဘုရားကို ဘုရားဖူးတွေ ပုံမှန်လာကြပေမယ့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်တဲ့အတွက် နိုင်ငံခြားသားတွေ ပိုပြီး အလာများတယ်၊ ပြီးခဲ့တဲ့လကစပြီး ပိတ်ရက်တွေမှာ ပြည်တွင်း ဘုရားဖူးတွေ ကားကြီး၊ ကားငယ်တွေနဲ့ လာရောက်ကြတာကို တွေ့ရတယ်၊ ပြည်တွင်းက ဘုရားဖူးတွေ အလာများတဲ့အတွက် ကျွန်မတို့ ပန်းတွေ ပိုပြီး ရောင်းကောင်းတယ်”ဟု ကုသိုလ်တော်ဘုရားမှ ကြာပန်းရောင်းသူတစ်ဦးက ပြောသည်။

 

ယခု ရုံးပိတ်ရက်ရှည်ကာလသည် မန္တလေးမြို့ ဒုဋ္ဌဝတီမြစ်ကမ်းနံဘေးတွင် တပေါင်းလပြည့်နေ့မှ စတင်ကျင်းပနေသည့် သမိုင်းဝင် ရွှေစာရံဘုရားပွဲတော်နှင့် တိုက်ဆိုင်နေသည့်အတွက် ပြည်တွင်း ခရီးသွားများ ယင်းပွဲတော်သို့ စိတ်ဝင်တစား သွားရောက်နွှဲပျော်နေကြသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း အဆိုပါ ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးပြေငြိမ်းက ပြောသည်။

 

“ ရွှေစာရံဘုရားပွဲတော်က တောင်ပေါ် မြေပြန့် တိုင်းရင်းသားပေါင်းစုံ နွှဲပျော်ကြတဲ့ ထူးခြားတဲ့ ပွဲတော်တစ်ခုဖြစ်တာကြောင့် နှစ်စဉ်စည်ကားနေပေမယ့် ဒီနှစ်တော့ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် စုံလို့လားမသိဘူး၊ နေ့ရော၊ ညပါ ကြိတ်ကြိတ်တိုး စည်ကားနေလိုက်တာ လမ်းတွေမှာ ကားတွေ၊ ဆိုင်ကယ် တွေနဲ့ ပြည့်နေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

အဆိုပါ ဘုရားပွဲတော်သို့ နောင်ချိုမြို့မှ လာရောက်ကြသည့် ကုမ္ပဏီဝန်ထမ်း သူငယ်ချင်းတစ်စုကလည်း “ ဒီဘုရားကို တည်ခဲ့တဲ့မင်းသမီး စောမွန်လှ သမိုင်းကြောင်းကို စိတ်ဝင်စားသလို ဘုရားပွဲမှာရောင်းချတဲ့ ထန်းရွက်ပုတီးလေးတွေကိုလည်း နှစ်သက်လို့ လာခဲ့ကြတာပါ။ အခုဘုရားဖူးပြီးလို့ အိမ်အပြန် အမှတ်တရအနေနဲ့ ထန်းရွက်ပုတီလေးတွေ လည်မှာဆွဲပြီး ဦးပိန်တံတားကြီးမှာ သွားရောက် အပန်းဖြေမှာပါရှင့်”  ဟု ပြောသည်။

 

ထို့ပြင် ရန်ကုန်မြို့မှ အပန်းဖြေအနားယူရန် ရည်ရွယ်ချက်ဖြင့် ခရီးထွက်လာကြသည့် သစ်တောဦးစီးဌာန တစ်ခုက ဝန်ထမ်းများကလည်း “ ဒီတစ်ခါ ရုံးပိတ်ရက်မှာ လေးရက်တောင်ဆိုတော့ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေ တိုင်ပင်ပြီး လွတ်လွတ်လပ်လပ် အပန်းဖြေဖို့ ရောက်လာကြတာပါ၊ အဓိက အနေနဲ့ ရာသီဥတုကောင်းပြီး သဘာဝ စိမ့်၊ စမ်းတွေပေါတဲ့ ပြင်ဦးလွင်က အပန်းဖြေစခန်းတွေကိုလှည့်ပြီး လေ့လာအပန်းဖြေခဲ့ပါတယ်” ဟု ပြောသည်။

 

မန္တလေးမြို့သို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းခရီးသွားများက ယခုလို ရုံးပိတ်ရက်ရှည် ကာလများကို တန်ခိုးကြီးဘုရားများသို့ သွားရောက်ကုသိုလ်ပြု လှူဒါန်းကြခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်ဒေသများနှင့် အပန်းဖြေစခန်းများသို့ သွားရောက်လေ့လာ အနားယူခြင်းဖြင့် အကျိုးရှိစွာ အသုံးချသင့်ကြောင်း အကြံပြုပြောကြားသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)