ရုံးပိတ်ရက်တွေမှာ မိသားစု စုံစုံလင်လင်ဖြစ်အောင် အိမ်မှာပဲနေကြတာ များပါတယ်

ရန်ကုန် ၉ ဖေဖော်ဝါရီ

ယခုလာမည့် ဖေဖော်ဝါရီ ၁၀၊ ၁၁၊ ၁၂ ရက်သည် စနေ၊ တနင်္ဂနွေနေ့အပြင် ပြည်ထောင်စုနေ့နှင့်ပါ တိုက်ဆိုင်နေ၍ အများပြည်သူတို့အတွက် ရုံးပိတ်ရက် သုံးရက် တစ်ဆက်တည်း ဖြစ်သွားခဲ့သည်။ အများပြည်သူ ရုံးပိတ်ရက် သုံးရက်တာကာလအတွင်း လူမှုဘဝ စတိုင်အလိုက် ကိုယ်စီ ကိုယ်င အနားယူအပန်းဖြေကြမည့် ပြည်သူအချို့၏ စကားသံများကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

အငြိမ်းစား ပညာရေးဝန်ထမ်း ဆရာဦးကျော်မင်းက “ဆရာကြီးကတော့ နယ်ကပြောင်းလာတာ မကြာသေးတဲ့အတွက် ပတ်ဝန်းကျင်နဲ့ ထိတွေ့မှုနည်းပါတယ်။ မိသားစုတွေထဲမှာ အစိုးရပညာရေးဝန်ထမ်းနဲ့ ပုဂ္ဂလိက ဝန်ထမ်း တွေရှိတဲ့အတွက် ရုံးပိတ်ရက်တွေမှာ မိသားစု စုံစုံလင်လင်ဖြစ်အောင် အိမ်မှာပဲနေကြတာ များပါတယ်။ အဲဒီလိုနေတဲ့ အခါမှာလည်း မိသားစုအရေးတွေကို အေးအေးဆေးဆေး ဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့အခါ ထွက်ပေါ်လာတဲ့ ရလဒ်တွေအပေါ် အုပ်ထိန်းသူ တစ်ဦးအနေနဲ့ လိုအပ်ချက်တွေကို လမ်းညွှန်မှုပေးပါတယ်။ သားသမီးတွေ အနေနဲ့ လည်းရုံးပိတ်ရက်တွေမှာ များသောအားဖြင့် အိမ်မှာပဲနေကြတာ များပါတယ်။ အဲဒီလိုနေတဲ့ အခါမှာလည်း စာပေဖတ်ရှု လေ့လာတာမျိုးတွေပဲ လုပ်ကြတာပါတယ်။  သင်္ကြန်လို အခါကြီးရက်ကြီးတွေမှာတော့ ကိုယ့်ရဲ့မွေးရပ်မြေကို ပြန်ပြီး အလှူအတန်း လုပ်တာမျိုးတွေတော့ ရှိပါတယ်။ ပင်စင်စား အငြိမ်းစားတစ်ဦး အနေနဲ့ သားသမီးတွေ ရုံးပိတ်ရက်မှာ အတူတကွ စကားပြောခွင့်ရပြီး ကလေးတွေအတွက် ဘာသာရေး အသိတရားတွေကို ပြောခွင့်ရတဲ့အတွက် ဆရာတို့ မိသားစုအတွက်ကတော့ ရုံးပိတ်ရက်တိုင်းဟာ အဓိပ္ပာယ်ရှိပါတယ်”ဟု ပြောသည်။

MDN