ရုံတင်ဇာတ်ကားကြီးနှစ်ကားတွင် တွေ့ဆုံရမည့် အဆိုတော် လွှမ်းပိုင်

၂၄ ဖေဖော်ဝါရီ

 

ဒါရိုက်တာ အောင်ဇော်လင်းနှင့် ဝင်းလွင်ထက်တို့ ရိုက်ကူးထားသည့် ညေး၏ ဝတ္ထုကို ပြန်လည်ပုံဖော်ထားသော "ငါ့ကိုနမ်းတဲ့မုန်တိုင်း" ရုပ်ရှင်ဇာတ်ကားကြီးနှင့် ဒါရိုက်တာ သားညီ ပုံဖော်ရိုက်ကူးသည့် မင်းလူ၏ ကြွေရုပ်ရှင်ဇာတ်ကားများတွင် လွှမ်းပိုင်က ပါဝင်ရိုက်ကူးထားပြီး လက်ရှိတွင် ဇာတ်ဝင်တေးများ ဖန်တီးနေပြီဖြစ်ကြောင်း အဆိုတော်လွှမ်းပိုင်က ပြောကြားသည်။

 

မေး ။ ငါ့ကိုနမ်းတဲ့မုန်တိုင်း ဇာတ်ကားမှာ လွှမ်းပိုင်ရဲ့ဇာတ်ရုပ်အပိုင်းနဲ့ ရိုက်ကူးဖြစ်တဲ့အကြောင်းကိုလည်း ပြောပါဦး။

 

ဖြေ ။ ဒီဇာတ်ကားက မတ်လပိုင်းမှာ ရုံတင်မှာပါ။ ကျွန်တော်က ဒီဇာတ်ကားထဲမှာ နေညိုလွင်အဖြစ် သရုပ်ဆောင်ထားပါတယ်။ စာရေးဆရာတစ်ဦး အနေနဲ့ပါ။ ပရဟိတပိုင်းကိုလည်း လုပ်ဆောင်တဲ့ လူငယ်တစ်ယောက် အဖြစ်ပါ။ ကျွန်တော်နဲ့ ရဲရင့်အောင်၊ အကယ်ဒမီ ဖွေးဖွေးတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

 

လူငယ်ဇာတ်ကားဖြစ်ပြီး ပရိသတ်လည်း ကြိုက်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အတွေ့အကြုံသစ်မို့ ရင်ခုန်နေပါတယ်။ ဒီဇာတ်ကားက ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် အကောင်းဆုံးကြိုးစားထားပါတယ်။ ချပြတဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကိုရော ဇာတ်ရုပ်ကိုရော အတတ်နိုင်ဆုံးမီအောင် ကြိုးစားထားပါတယ်။ ဒါတင်မကသေးပါဘူး ဖွေးဖွေးဆိုလည်း ပရိသတ်အားပေးတဲ့ အသက်ငယ်ငယ်နဲ့ အနုပညာစိတ်ဓာတ် အားကောင်းပြီး သရုပ်ဆောင်ကောင်းတဲ့သူမို့ ကိုယ့်ဘက်က အမှားအယွင်းဖြစ်မှာမျိုး မဖြစ်သွားအောင် အထူးဂရုစိုက်ပြီး ကြိုးစားထားပါတယ်။

 

မေး ။ ရုပ်ရှင်ရိုက်ကူးပြီးတဲ့အပေါ်မှာရော ဝေဖန်မှုတွေကြုံရသေးလား။

 

ဖြေ ။ ဒီဇာတ်ကားစပြီး မရိုက်ခင်ကတည်းက ပရိသတ်တွေက သွားပါပြီဆိုပြီး ပြောကြတယ်။ အဲဒီလိုဖြစ်မှာကို ကျွန်တော်ကိုယ်တိုင်လည်း စိုးရိမ်ပါတယ်။ ဒါပေမယ့် သရုပ်ဆောင်လိုင်းမှာ အသစ်ဖြစ်တာကြောင့် အမှားအယွင်းတွေလည်း ရှိမှာပါပဲ။ နားလည်ပေးပြီး ကြည့်ရှုအားပေးပါလို့ပဲ ပြောချင်ပါတယ်။

 

မေး ။ ဇာတ်လမ်းတစ်ခုကို ရိုက်ကူးတဲ့အခါ ဇာတ်လမ်းက ဇာတ်ရုပ်ကို သဏ္ဍာန်လုပ်သရုပ်တူအောင် လုပ်ဆောင်ရတာတွေ အပေါ်မှာရော အခက်အခဲကြုံရလား။

 

ဖြေ ။ ဒီဇာတ်ကားရဲ့ ဝတ္ထုက နာမည်လည်းကြီးတယ်ဆိုတော့ တာဝန်လည်းကြီးတယ်။ အထူးသဖြင့် ဝတ္ထုမှာအောင်မြင်ခဲ့တဲ့အတွက် ဇာတ်ကားမှာ သရုပ်ဆောင်ပိုင်းက ပိုပြီးလည်း တာဝန်ကြီးတာပါ။ နောက်တစ်ကား ဆိုရင်လည်း ဆရာမင်းလူရဲ့ ကြွေဆိုတဲ့ ဇာတ်လမ်းပေါ့။ မင်းသားကြီးတွေဖြစ်တဲ့ ကိုသားကြီး (ဒွေး)၊ ကိုလူမင်းတို့လည်း သရုပ်ဆောင်ခဲ့ကြတယ်ဆိုတော့ ကျွန်တော့်အတွက် အရှိန်အဝါကြီးတဲ့ ဇာတ်ကားပါပဲ။ အမှန်ပြောရရင် ကျွန်တော်လည်း ကြောက်ရပါတယ်။ အရှေ့က ဇာတ်ကားရော၊ ဇာတ်ကောင်စရိုက်ရောကို ကျေညက်အောင် သိရှိထားပြီး ကြိုးစားရတယ်။

 

မေး ။ ကြွေဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ရော အမှတ်တရတွေရှိလား။

 

ဖြေ ။ ကြွေဇာတ်ကားဆိုရင်လည်း ငါ့ကိုနမ်းတဲ့ မုန်တိုင်းပြီးသွားရင် ရုံတင်မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားအတွက်လည်း ကျွန်တော်အများကြီး ဖြည့်ဆည်းထားပါတယ်။ အဓိကကတော့ ကျွန်တော်ရယ်၊ ကိုသားညီရယ်၊ ဇာတ်ညွှန်းဆရာရယ် ပေါင်းပြီးတော့ ဇာတ်ဝင်ခန်းတစ်ခုကို တစ်မျိုးစီ ပုံဖော်ထားတယ်။ အချို့ဇာတ်ဝင်ခန်းတွေမှာ ဂီတပုံစံနဲ့ ပေါင်းစပ်ပြီး သီချင်းကိုလည်း ကိုယ်တိုင်ရေးစပ်ပြီး ဖန်တီးထားတယ်။ ဒါကို အားရကျေနပ်မှုလည်း ရှိတယ်။ ကြွေဇာတ်ဝင်တေးကိုလည်း ကျွန်တော် ကိုယ်တိုင်ရေးစပ်ထားပါတယ်။

 

မေး ။ ဇာတ်ဝင်တေးဟာ ဇာတ်ကား တစ်ကားမှာ ဘယ်လောက်အရေးပါတယ်လို့ ထင်ပါသလဲ။

 

ဖြေ ။ ကျွန်တော့်အမြင်ပြောရရင် ရုပ်ရှင်ဇာတ်ကား တစ်ကားတိုင်းမှာ သူ့ရဲ့ မူရင်းဇာတ်ဝင်တေး တစ်ပုဒ်တော့ ရှိသင့်တယ်လို့ ထင်ပါတယ်။ အရင်ကတည်းကလည်း ရှိခဲ့တာပါပဲ။ ဥပမာပြောရရင် မောင့်မူပိုင်ရှင်တို့လိုမျိုးပေါ့။ ရုပ်ရှင်ကားတစ်ကားရဲ့အောင်မြင်မှုက ဇာတ်ဝင်တေးနဲ့လည်း အများကြီး ပတ်သတ်မှုရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဇာတ်ဝင်တေးလေးကြားတာနဲ့ ဒီဇာတ်ကားကို ပြန်သတိရတာမျိုးအမြဲတမ်းဖြစ်နိုင်ပါတယ်။ ဇာတ်ဝင်တေးတွေကို ကျွန်တော်လည်း စိတ်ဝင်စားတယ်။ အချို့ရှိုးပွဲတွေမှာ ကြွေဇာတ်ကားထဲက ဇာတ်ဝင်တေးလေးတွေကို သီဆိုဖြစ်တယ်။ နောက်ပိုင်းမှာလည်း ဇာတ်ဝင်တေးလေးတွေ တတ်နိုင်သလောက် ဖန်တီးသွားဖို့ စိတ်ကူးထားပါတယ်။

 

ကိုလင်း