ရုပ်ရှင်သစ်မှာ ပြန်လည်တွေ့ဆုံကြမယ့် ဂျိုဂျန်စွတ်နဲ့ ဂွန်ဟိုဂျင်

နေပြည်တော် ၂၁ ဖေဖော်ဝါရီ

 

တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ ဂျိုဂျန်စွတ်နဲ့ ဂွန်ဟိုဂျင်တို့ဟာ လတ်တလောမှာတော့ ဇာတ်လမ်းတွဲ ရုပ်ရှင်သစ်တစ်ကားမှာ အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့တယ်လို့ စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်မှာတော့ ရုပ်သံဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ “Hit-and-Run Task Force”ရဲ့ဇာတ်ဆောင်တွေစာရင်းကို ထုတ်ပြန်အတည်ပြုခဲ့ရာမှာတော့ ဂျိုဂျန်စွတ်နဲ့ ဂွန်ဟိုဂျင်တို့ ခေါင်းဆောင် ပါဝင်ထားတာဖြစ်ကြောင်း တွေ့ခဲ့ရတာပါ။ ဒါဟာ သူတို့နှစ်ဦးအတွက်တော့ အဓိကဇာတ်ဆောင်တွေအဖြစ် နောက်တစ်ကြိမ် ပြန်လည်တွဲဖက် ပါဝင်ခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

 

“Hit-and-Run Task Force”မှာတော့ သူတို့နှစ်ဦးအပြင် အခြားသော သရုပ်ဆောင်တွေဖြစ်ကြတဲ့ ယူဂျန်ယို၊ အမျိုးသားတေးဂီတအဖွဲ့ “SHINee”ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကီး၊ ယမ်ဂျန်အာနဲ့ ဂျွန်ဟေဂျင်တို့ ပါဝင်ထားကြကြောင်းလည်း သိရပါတယ်။ 

 

ဂွန်ဟိုဂျင်ကတော့ ယင်းဇာတ်လမ်းတွဲမှာ စုံထောက်အွန်းစီယွန်းအဖြစ် ပါဝင်သွားမှာဖြစ်ပြီး အွန်းစီယွန်းကာ ရာထူးလျှော့ချခြင်း ခံခဲ့ရပြီးနောက် ကားတိုက်ပြေးမှုတွေကို စုံစမ်းစစ်ဆေးရေးဘက်ကို ရောက်ရှိလာခဲ့တဲ့ ရဲအရာရှိတစ်ဦးပါ။

 

 မင်းသား ဂျိုဂျန်စွတ်ရဲ့ ဇာတ်ကောင် ဂျန်ဂျေချူးကတော့ ဖော်မြူလာ ဝမ်းကားသမားတစ်ဦး ဖြစ်ပြီး နောက်ပိုင်းမှာတော့ သူဟာ အရှိန်နဲ့ ကားတွေအပေါ် ရူးသွပ်မှုတွေကြောင့် ပြစ်မှုတွေကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ လာမယ့် မတ်လအတွင်း စတင်ရိုက်ကူးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။


အေးပြည့်