ရုပ်ရှင်ထူးချွန်ဆုအတွက် ဒုတိယအဆင့်ရွေးချယ်ထားသော ဆန်ခါတင် ၂၉ ကားကို ထုတ်ပြန်ကြေညာ

ကိုလင်း

 

၂၀၁၉ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် ဒုတိယအဆင့် ကြည့်ရှုခဲ့သည့် ရုပ်ရှင်ဇာတ်ကားများထဲမှ ရွေးချယ်ထားသည့် ဆန်ခါတင် ၂၉ ကားစာရင်း ကို ရုပ်ရှင်အစည်းအရုံးက တရားဝင်ထုတ်ပြန် ကြေညာထားပြီဖြစ်သည်။

 


မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီ ထွန်းလွင်က “ဦးတို့ ဒုတိယအဆင့်ကြည့်ရှုတဲ့ ရုပ်ရှင် ဇာတ်ကားတွေကို ကြေညာလိုက်ပါပြီ။ ဦးတို့က အစည်းအရုံးအနေနဲ့ တရားဝင် ထုတ်ပြန်လိုက်တာပါ။ ပထမတော့ မကြေညာတော့ဘူးလို့ လုပ်ထားပေမယ့် ကမ္ဘာမှာလည်း Nomination ကားတွေ စာရင်း ထုတ်ပြန်တာတွေ ရှိတယ်ဆိုတော့ ထုတ်ပြန်ကြေညာ လိုက်တာပါ၊ နောက်ထပ် နောက်ဆုံးအဆင့် ထုတ်ပြန် ကြေညာဖို့တော့ မရှိတော့ပါဘူး” ဟုပြောသည်။

 


အဆိုပါ ထုတ်ပြန်ကြေညာထားသည့် ရုပ်ရှင်ကားများတွင် အဓိက အမျိုးသားဇာတ်ဆောင်များ ပါဝင်ထားသည့် ဇာတ်ကားများအနေဖြင့် သရုပ်ဆောင် နေတိုး၏ ဇာတ်ကားကိုးကားအထိ ပါဝင်နေပြီး သရုပ်ဆောင် မြင့်မြတ်က ငါးကား ပါဝင်ကာ အဓိက အမျိုးသမီးဇာတ်ဆောင်များ ပါဝင်ထားသည့် ဇာတ်ကားများအနေဖြင့် သရုပ်ဆောင် ရွှေမှုံရတီက ဇာတ်ကား ငါးကား၊ အိန္ဒြာကျော်ဇင်၊ ဝတ်မှုံရွှေရည် နှင့် ဖွေးဖွေးတို့က လေးကားစီ ပါဝင်လျက်ရှိသည်။ ထို့အပြင် သက်မွန်မြင့်နှင့် ပိုင်ဖြိုးသုတို့က နှစ်ကားစီ ပါဝင်နေကြောင်း သိရသည်။

 


“အကယ်ဒမီပေးပွဲက တစ်ဖက်က ပြင်ဆင်နေသလို ရွှေကြိုတွေကိုတော့ Voting စနစ်နဲ့ သပ်သပ်ရွေးချယ်နေမှာပါ။ လူဦးရေ အယောက် ၅၀ စာရင်းကို စိစစ်ရွေးချယ်ရင်းနဲ့ သုံးယောက်တစ်တွဲကနေ အဆင့်ဆင့် ဖြုတ်သွားမှာပါ။ ရုပ်သံလိုင်းတွေက ပြသရင်းနဲ့ တစ်ယောက်စီ အဆင့်ဆင့် ပြုတ်သွားမှာပါ” ဟု ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌက ပြောသည်။ မြန်မာ့ရုပ်ရှင် အစည်းအရုံး (ဗဟို)က ဦးစီးပြုလုပ်သော ရွှေကြိုမောင်မယ်များကို Voting စနစ်ဖြင့် ရွေးချယ်ခြင်း အစီအစဉ်ကို မတ် ၂၁ ရက်အထိ ပြုလုပ်ရွေးချယ် သွားမည်ဖြစ်ပြီး မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို မတ် ၂၉ ရက်တွင် ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည် ဖြစ်သည်။