ရုရှားနိုင်ငံမှာ ဗိုင်းရပ်စ် ကာကွယ်ဆေးကို လူပေါင်း ၄၀,၀၀၀ အား စမ်းသပ်မယ်

၂၁ ဩဂုတ်

 

 

ရုရှားနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးကို လူပေါင်း ၄၀,၀၀၀ အား လာမယ့် သီတင်းပတ်မှာ စမ်းသပ်မယ်လို့ ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။

 

 

သမ္မတ ပူတင်က ဩဂုတ်လ အစောပိုင်းမှာ ရုရှားနိုင်ငံဟာ ပထမဉီးဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်မယ့် နိုင်ငံဖြစ်တယ်လို့ ကြေညာလိုက်ချိန်မှာ ပညာရှင်တွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က ကာကွယ်ဆေးဟာ သုံးစွဲသူတွေအတွက် ဘေးအန္တရာယ် ကင်းသလားဆိုတာ လေ့လာဖို့ လိုသေးကြောင်း ပြောပါတယ်။

 

 

ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို စပွန်းနစ် ဗွီ လို့ အမည်ပေးထားပြီး ရုရှားရင်းနှီးမြှုပ်နှံရေး ရန်ပုံငွေ အဖွဲ့က ငွေကြေး ထောက်ပံ့ကြောင်း သိရပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးကို လူပေါင်း ၄၀,၀၀၀ ကျော်အား လာမယ့် သီတင်းပတ်မှာ ထိုးပေးမယ်လို့ ဆိုပါတယ်။ အခုလို ကာကွယ်ဆေး ထိုးပေးခြင်းဟာ ဆေးဝါးသစ်ထုတ်ရေး လုပ်ငန်းစဉ်မှာ ဈေးကွက်အတွက် မထုတ်လုပ်ခင် နောက်ဆုံးအဆင့် အနေနဲ့ စမ်းသပ်ခြင်းလို့ ဆိုနိုင်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

 

 

ရုရှားရင်းနှီးမြှုပ်နှံရေး ရန်ပုံငွေအဖွဲ့ခေါင်းဆောင် ကီရီ ဒီမီးထရော့ က ကာကွယ်ဆေး ထိုးခံမယ့် သူတွေထဲမှာ ကျန်းမာရေး ဝန်ထမ်းတွေ ပါရှိကြောင်း၊ နိုင်ငံပေါင်း ၂၀ ကျော်က ထိုးဆေးအလုံး ပေါင်း တစ်ဘီလီယံကျော် ဝယ်ယူဖို့ ကမ်းလှမ်း ထားကြောင်း ပြောပါတယ်။

 

 

ရုရှားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ဆေးကို အောက်တိုဘာလမှာ အများအပြား ထုတ်လုပ်နိုင်မယ် မျှော်လင့်ကြောင်းနဲ့ နိုင်ငံခြား တိုင်းပြည်တွေကို နိုဝင်ဘာ၊ ဒီဇင်ဘာမှာ ဆေးဖြန့်ချိနိုင်မယ်လို့ ဒီမီးထရော့က ဆက်ပြောပါတယ်။

 

 

ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ကြာသပတေးနေ့က ၄,၇၀၀ ကျော် တွေ့ရှိရာ စုစုပေါင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၉၄၂,၀၀၀ ကျော် ရှိကြောင်းနဲ့ သေဆုံးသူ ၁၆,၀၀၀ ကျော် ရှိကြောင်း ဒီနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

MDN

ကိုးကား - AFP

 117386996_3680