ရှူဆေးရှူတိုင်း ကောင်းရဲ့လား

၂၀  အောက်တိုဘာ

 

ယနေ့ခေတ် အပြင်ထွက်လိုက်တာနဲ့ကို ရှောင်လွှဲလို့မရတမ်း ရင်ဆိုင်နေရတာက ညစ်ညမ်းမှုပါ။ လျင်မြန်စွာပြောင်းလဲနေတဲ့ ရာသီဥတုအခြေအနေရယ်၊ ညစ်ညမ်းမှုရယ် ပေါင်းလိုက်တဲ့အခါမှာတော့ အလွယ်တကူ ဖျားနာလာရပါတော့တယ်။ ဒီလိုဖျားနာတဲ့အခါ အရင်ဆုံးခံစားရတာက နှာခေါင်းပိတ်မယ်၊ခေါင်းကိုက်မယ်၊နေရထိုင်ရမအီမသာဖြစ်တာတွေပေါ့။

 

နှာခေါင်းပိတ်တာနဲ့ ခေါင်းကိုက်တာကရောဂါကြီးကြီးမားမားမဟုတ်ပေမယ့် အလုပ်ထဲမှာ အာရုံစိုက်လို့မရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အမြဲလိုလိုဖြေရှင်းနေကျ နည်းလမ်းလေးတစ်ခုရှိတယ်နော်။ တော်တော်များများလည်း သုံးကြတယ်လေ။ ရှူဆေးလေးထုတ်ရှူလိုက်တာမျိုးပေါ့။ ဒါမှမဟုတ်လည်း ပရုတ်ဆီကို လက်မှာပွတ်ပြီး ရှူလိုက်တာမျိုးပါ။ ဒီလိုရှူလိုက်တဲ့အခါ သက်သာသွားတယ်ဆိုပေမယ့် ကျန်းမာရေးအတွက် တကယ်ရောကောင်းရဲ့လားလို့ တွေးကြည့်ဖူးလား။ မတွေးကြည့်ဖူးသေးရင်ကောင်း၊ မကောင်းကို ဒီဆောင်းပါးလေးထဲမှာ တူတူဖတ်ကြည့်ရအောင်နော်။

 

နှာခေါင်းပိတ်ခြင်းနဲ့ရှူဆေးရှူခြင်း

 

နှာခေါင်းပိတ်ရင် အရင်ဆုံးခံစားရမယ့်လက္ခဏာတစ်ခုက အသက်ရှူရခက်တာပါ။ တစ်နေ့တာလုံး အသက်ရှူရခက်မယ်၊နေရထိုင်ရမသက်မသာဖြစ်မယ်၊ အလုပ်လုပ်တဲ့အခါ အာရုံစူးစိုက်ရ ခက်တာမျိုးဖြစ်မယ်။ ဒီလိုဖြစ်တာက နှာခေါင်းအတွင်းပိုင်း နံရံထဲမှာရှိတဲ့ သွေးကြောလေးတ ွေရောင်ရမ်းလာတာကြောင့်ပါ။ ဒီလိုမျိုးရောင်ရမ်းလာတဲ့အခါ ချွဲတွေဖြစ်လာပါတယ်။ ဒီလိုဖြစ်တော့ နှာခေါင်းတွင်းမှာ ပိတ်ဆို့ပြီး အသက်ရှူရခက်တော့တာပေါ့။ နှာခေါင်းပိတ်တဲ့အခါ အသက်ရှူရခက်တာအပြင် ပါးတွေ၊ နဖူးနဲ့ မျက်လုံးနှစ်ခုကြားမှာ ရောင်ရမ်းနာကျင်မှုကိုပါ ခံစားရနိုင်ပါတယ်။ နှာခေါင်းထဲမှာ ချွဲတွေပိုများလာလေလေ၊ ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်ခြေ ပိုများလေလေပါ။

 

ဒီလိုဖြစ်မှုက ရောဂါတွေကူးစက်ခံရနိုင်ခြေကို ပိုများသွားစေနိုင်ပါတယ်။ ဒီလိုအခြေအနေကို ချွဲတွေ အစိမ်းရောင်၊ ဒါမှမဟုတ် အဝါရောင်ဖြစ်နေတာတွေကနေတဆင့် သိရှိနိုင်ပါတယ်။

 

ဒီလိုဖြစ်တဲ့အခါ ဆေးခန်းသွားတာမျိုး၊ ဆေးသောက်တာမျိုးမလုပ်ခင် အလွယ်တကူဝယ်လို့ရတဲ့ ရှူဆေးကိုရှူလိုက်ကြတာပါပဲ။ အချို့ဆိုအိတ်ထဲမှာတောင် အလွယ်တကူ ဆောင်ထားတတ်ကြပါသေးတယ်။ ရှူဆေးရှူလိုက်တဲ့အခါ ချက်ချင်းနှာခေါင်းပွင့်သွားပြီး အသက်ရှူရချောင်သွားပေမယ့် ဒီသက်သာမှုက ကာလတိုပါပဲ။ ဒီလိုအသက်ရှူရချောင်သွားတာကလည်း ရှူဆေးမှာပါတဲ့ ဓါတုပစ္စည်းတွေကြာင့် ရောင်နေတဲ့ သွေးကြောလေးတွေ ကျုံ့သွားတာကြောင့်ပါ။ နောက်ပိုင်းမှာတော့ ရှူဆေးမှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့် နှာခေါင်းပိတ်တာက ပိုဆိုးလာတာမျိုးတောင် ရှိတတ်ပါတယ်။

 

ရှူဆေးရှူတိုင်းကောင်းရဲ့လား

 

နှာခေါင်းပိတ်တဲ့အခါ၊ ခေါင်းကိုက်တဲ့အခါ အလွယ်တကူရှူတတ်တဲ့ ရှူဆေးက အချိန်တိုအတွင်းမှာ သက်သာသွားစေတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုသလိုပေါ့ ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိပါတယ်။ ရှူဆေးရှူတဲ့အခါ ပါဝင်ပစ္စည်းတွေကြောင့် တစ်ခါတလေမှာ အခုလိုမျိုး ဆိုးကျိုးတွေကို တွေ့ရနိုင်ပါတယ်။

 

ပူစပ်ပူလောင်ဖြစ်တာ မျိုးခံစားရနိုင်တယ်

မအီမသာဖြစ်ပြီး အော့အန်နိုင်ပါတယ်

သွေးပေါင်ချိန်တက်နိုင်ပါတယ်

ငိုက်မြည်းမယ်။ ငြီးစီစီခံစားရတာမျိုး ဖြစ်နိုင်ပါတယ်

နှာခေါင်းပိတ်တာ ပိုဆိုးသွားနိုင်ပါတယ်

အရေပြားမှာ အဖုအပိမ့်တွေထွက်တာမျိုးဖြစ်နိုင်တယ်

အသက်ရှူရခက်တာမျိုးဖြစ်နိုင်တယ်

မျက်နှာ၊ နှုတ်ခမ်းနဲ့လျှာတွေ၊ လည်ပင်းတွေမှာ ရောင်ရမ်းတာမျိုး ဖြစ်နိုင်ပါတယ်။

 

ဒါကြောင့်နှာခေါင်းပိတ်တဲ့အခါ ရှူဆေးမရှူခင်ရေနွေးငွေ့ ခံတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ဘေးကင်းကင်းနဲ့ နှာခေါင်းပိတ်တာကို သက်သာစေတဲ့နည်းလမ်းတစ်ခုပါ။ နောက်တစ်ချက်က တော်ရုံလေးစိတ်ရှုပ်တာကြောင့်ဖြစ်လာတဲ့ အခြေအနေလေးတစ်ခုကို ရှူဆေးအနံ့ပြင်းပြင်းတွေ ရှူတာမျိုးမလုပ်ပါနဲ့။ သင့်အနေနဲ့ ရှူဆေးရှူရတာကို နှစ်သက်တယ်ဆိုခဲ့ရင်လည်း သဘာဝအဆီတွေဖြစ်ကြတဲ့ စပါးလင်အဆီလိုမျိုး ဓါတုဆေးမပါတာမျိုးကို ရှူပေးပါ။ ကိုယ့်ကျန်းမာရေးကိုစောင့်ရှောက်ဖို့ တာဝန်အရှိဆုံး ကိုယ်တိုင်ပါ။ ကဲ ရှူဆေးက ရှူတိုင်းကောင်းလား၊ မကောင်းဘူးလား ကိုယ်တိုင်ဆုံးဖြတ်လိုက်ပါနော်…….

 

ရေးသားသူ - Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”