သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)မှ သွားနှင့်ခံတွင်းရောဂါဝေဒနာရှင်များအား ဝန်ဆောင်မှုပေးလျှက်ရှိ

ရန်ကုန် ၁၉ သြဂုတ်


သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)တွင် ကုတင်(၅၀)ဆံ့ ဆေးရုံကို သင်ကြားရေးဆေးရုံအဖြစ် ပူးတွဲဖွင့်လှစ်ထားပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ၊ မေးရိုးနှင့်ခံတွင်း ကင်ဆာနှင့်ဆက်စပ်သည့်ရောဂါတို့ကို ခွဲစိတ်ကုသပေးလျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စားနှင့် သာသနာ့ဝန်ထမ်းတို့ကိုလည်း သွားနုတ်၊သွားဖာ၊ သွားကျောက်ခြစ်ခြင်းတို့ကို အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့ထိ(ရုံးပိတ်ရက်မပါ) အခမဲ့ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။


သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)ကို (၁၉၆၄)ခုနှစ်တွင် Dental Collage အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် Institute of Dental Medicine  အဖြစ်ပြောင်းလဲ ဖွင့်လှစ်ခဲ့ကာ  ၁၉၉၇-ခုနှစ်တွင် University of Dental  Medicine အဖြစ်ယနေ့အချိန်ထိ အမှတ်(၅၈၂)သံသုမာ လမ်းမကြီး၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။ 


“သာသနာ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းနဲ့ ပင်စင်စားတွေကို သွားနုတ်၊ သွားဖာ၊ သွားကျောက်ခြစ်ခြင်း ဝန်ဆောင်မှုပေးပါတယ်။ သင်ကြားရေး ဆေးရုံဖြစ်တဲ့အတွက် အထက်မှာပြောတဲ့သုံးမျိုးကိုတော့ငါးရက်မှာ အခမဲ့ဆောင်ရွက်ပေးပါတယ်”ဟု သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ် ဒေါက်တာရွှေတိုးက ပြောကြားသည်။


သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)တွင် တက်ရောက်သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘွဲ့ကြို၊ သင်တန်းကို ငါးနှစ်တာသင်ကြားရပြီး အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ်တာ ဝန်ထမ်းဆောင်ရကာ ခြောက်နှစ်ပြီးမြောက်ပါက မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာဆေးကောင်စီမှ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကုသခွင့် လက်မှတ်(သ.ခ)ချီးမြှင့်ကြောင်း သိရသည်။ ထို့အပြင် ဘွဲ့လွန် သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။


သင်္ဃန်းကျွန်းမြို့နယ်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)တွင် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းသား ၁၀၁၁ ဦးအား သင်ကြားရေး ဆရာ၊ ဆရာမ  ၁၄၉ ဦးမှ သင်ကြားပေးလျက်ရှိပြီး တနင်္လာနေ့မှ သောကြောနေ့ထိ(အစိုးရရုံးပိတ်ရက်မပါ) လာရောက်ပြသသော သွားနှင့်ခံတွင်းဆိုင်ရာ ဝေဒနာရှင်တို့ကိုလည်း ကုသပေးလျှက်ရှိသည့်အပြင် သာသနာ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းနှင့် ပင်စင်စားတို့ အားသွားဖာခြင်း၊ သွားနုတ်ခြင်းနှင့် သွားကျောက်ခြစ်ခြင်းတို့ကို အခမဲ့ဝန်ဆောင်မှုပေးလျှက်ရှိကြောင်း သိရသည်။


သန်းထိုက်


ဓာတ်ပုံ - သန်းစိုး    

 

21