သာစည်၊ လသာနှင့် ရွာငံမြို့နယ်တို့တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၈

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံ ကျေးရွာအနီးတွင် ဝေယံထွန်း မောင်းနှင်ပြီး တင်ရွှေလိုက်ပါလာသည့် CROWN အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၈၄ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၆ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ ရွှေစာရံကျေးရွာတွင် ဘိန်းစိမ်းများ သယ်ဆောင်ခိုင်းသူ နေဇော်လှိုင်း (ခ) နေဇော်နှင့် ကျော်စွာမင်း (ခ) ကျော်စွာ (ခ) ကုလား တို့ကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ ၆ ရက် ညနေ ၅ နာရီခွဲတွင် လသာမြို့နယ်၊ (၅) ရပ်ကွက်၊ ကမ်းနားလမ်းနှင့် (၂၁) လမ်းထောင့်တွင် သတင်းအရ နိုင်ကျော်ထက် (ခ) ကျော်ကြီးနှင့် သန့်ဇင်အောင် (ခ) သက်နိုင်ဦးတို့ကို စစ်ဆေးရှာဖွေရာ ၎င်းတို့၏ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၆ နာရီတွင် အဆိုပါနေရာ၌ စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ ခိုင်အောင်စိုးကိုလည်းကောင်း၊ ထိုနေ့ ညနေ ၆ နာရီခွဲတွင် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စု၊ မြို့ကြီးကျေးရွာ အနီးတွင် WISH အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဆီခဲ ၇ ဒသမ ၈ ကီလိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား