သာစည်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့မှ တရားမဝင်သစ် ၃၂ တန်ကျော် သိမ်းဆည်းရမိ

နေပြည်တော် ၆ သြဂုတ် 

သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရေးကို နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့်  ပူးပေါင်းအဖွဲ့များဖြင့် သြဂုတ် ၂ ရက်မှ ၄ ရက်အထိ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် မိတ္ထီလာ - တောင်ကြီးကားလမ်း Mobile X- Ray ကျွဲတပ်ဆုံစစ်ဆေးရေးစခန်းနေရာ၌ HINO 4D မော်တော်ယာဉ်နှင့် Canter မော်တော်ယာဉ်တို့ပေါ်မှ သရက်/ နဘဲ/ လယ်ဇ/ သစ်ဆိမ့်/ ဒီးဒူးခွဲသား ၅ ဒသမ ၄၀ တန်နှင့်အတူ ပြစ်မှုကျူးလွန်းသူ ၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ww5

 

ထို့ပြင် မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာ အနီး၌ လီဖန်း (၆)ဘီးယာဉ်နှင့် Mitsubishi Canter (၆)ဘီးယာဉ်တို့ပေါ်မှ ကျွန်းသစ်/ ခွဲသား ၅ ဒသမ ၄၉၄၂ တန်နှင့် ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ဧရာဝတီမြစ် အနောက် ဘက်ကမ်းဇင်းချောင်း ချောင်းဝနေရာမှ ကျွန်းသစ် ၂၁ ဒသမ ၉၀၂၀ တန်ကို  ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်သောသူများကို စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှသိရသည်။

မောင်လူမော်