သာစည်မြို့နယ်၌ နှစ်ပေါင်း(၆၀)ခန့်က လှူဒါန်းထားသည့် ကြေးပိဿာချိန်(၁၀ဝ)ခန့်ရှိ ကြေးခေါင်းလောင်း တစ်လုံးပျောက်ဆုံးနေ

မိတ္ထီလာ ၃၁ ဇူလိုင် 

နှစ်ပေါင်း(၆၀)ခန့်က လှူဒါန်းထားသည့် ကြေးပိဿာချိန်(၁၀ဝ)ခန့်ရှိ ကြေးခေါင်းလောင်းတစ်လုံး ပျောက်ဆုံးမှု ဇူလိုင် ၃၀ ရက်က သာစည်မြို့နယ် ဝမ်သာကျေးရွာ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ခေါင်းလောင်းပျောက်ဆုံးမှုဖြစ်စဉ်မှာ ဦးညိုမောင် ဦးဆောင်သော ကျေးရွာသားများမှ အာရုံဆွမ်းဆက်ကပ် လှူဒါန်းရန်အတွက် စေတီတော်ကို လာရောက်ချိန်တွင် ၎င်းကြေးခေါင်းလောင်း မတွေ့ရှိသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဖောင်တန်နားစေတီတော်၏ ဂေါပကအဖွဲ့တို့အား အကြောင်းကြားခဲ့သဖြင့် လာရောက်ကြည့်ခဲ့ရာ ကြေးခေါင်းလောင်း ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

ယခုပျောက်ဆုံးခဲ့သည့် ကြေးခေါင်းလောင်းသည့် သာစည်မြို့နယ် ဝမ်သာကျေးရွာ ဖောင်တန်နားစေတီကြီး၏ အရှေ့မြောက်ထောင့်စေတီရင်ပြင်တွင် လွန်ခဲ့သော နှစ်ပေါင်း(၆၀)ခန့်က လှူဒါန်းထားသော အချင်း(၂)ပေ (၆)လက်မ၊ အမြင့် (၃)ပေခန့် ကြေးပိဿာချိန် (၁၀ဝ)ခန့်ရှိသည်ဟု သိရသည်။ 

အဆိုပါ ခေါင်းလောင်းတွင် ကမ္ပည်းစာတမ်းရေးထိုးထားသည့် ကိုယ်ထည်တွင် ဖောင်းရစ်နှစ်ခု၊ အမြီးခေါင်းလောင်း ချိန်ဆွဲထားသည့် ပုစွန်တုတ်ကွေးတွင် ခြင်္သေ့နှစ်ကောင်ထိုင်နေပုံပါရှိပြီး ထိပ်တွင် ကြာမောက် ကြာလံပုံ ပါရှိသော ကြေးခေါင်းလောင်းတစ်လုံးဖြစ်သည်။

အဆိုပါ ဖောင်တန်နားစေတီကြီး၏ ကြေးခေါင်းလောင်းပျောက်ဆုံးမှုနှင့် ပတ်သက်၍ စုံးစမ်းဖော်ထုတ်ပေးနိုင်ရန် ဟံဇားရဲကင်းစခန်းသို့ တိုင်းတန်းခဲ့ရာ ရဲစခန်းမှ (ပ)၄၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၂၉၅ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)