သွားကိုက်ဝေဒနာ သက်သာစေမယ့် နည်းလမ်း (၅) ခု

ရေးသားသူ Yun Sandi Nan Mon 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar 

ဘာမှစားလို့မရအောင် သွားတွေကိုက်နေတာလား။ အရမ်းနာကျင်ရတာ မဟုတ်ဘူး ဆိုရင်တောင် မြန်မြန် သက်သာချင်ကြမှာပဲ။ အစားစားလည်းနာ၊ ငြိမ်နေလည်း နာကျင်နေရမှာကိုး။ သိပ်ဆိုးလာရင်တော့ ဆရာဝန် ပြရမယ်ဆိုပေမယ့် စစချင်းမှာ သွားကိုက်ဝေဒနာကို သက်သာအောင် ကိုယ့်ဘာသာကြိုးစားကြည့်လို့ ရပါသေးတယ်။ သွားကိုက်နေတဲ့အချိန်မှာ ဝေဒနာသက်သာလျော့ပါးစေမယ့် နည်းလမ်း (၅) ခုကို ဖော်ပြလိုက်ပါတယ်။ 

(၁) နာနေတဲ့သွားကို သိပ်မသုံးပါနဲ့ 

နာကျင်မှုကို သက်သာအောင် ထိန်းနေရတဲ့အချိန်မှာ ကိုက်နေတဲ့သွားကို သိပ်အားမစိုက်တာ၊ အသုံးမပြုတာ ကောင်းပါတယ်။ သိပ်ဝါးရတဲ့ အစားအစာတွေကို ရှောင်ပါ။ ဖြစ်နိုင်ရင် အစာပျော့ပျော့ စားသင့်တာပါ။ 

(၂) ဆားရည်ငုံပါ၊ ပလုပ်ကျင်းပါ 

နာကျင်မှုကိုသက်သာစေပြီး ဘက်တီးရီးယားတွေ သေစေနိုင်တဲ့ နည်းလမ်းက ဆားရည်နဲ့ ပလုပ်ကျင်းပါ။ ဝေဒနာလုံးဝပျောက်ကင်းစေနိုင်တဲ့ ကုသနည်းမဟုတ်ပေမယ့်  ပိုးတွေသေစေပြီး သွားဖုံးရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ 

ရေနွေးထဲ ဆားသင့်ရုံံထည့်ပြီး ခပ်နွေးနွေး အနေအထားမှာ ပလုပ်ကျင်းပါ။ ဆားရည်ကို မိနစ် ၃၀ လောက် ငုံပြီးမှ ပလုပ်ကျင်းပါ။ 

(၃) အကိုက်အခဲပျောက်ဆေးသောက်ပါ 

သွားကိုက်ဝေဒနာကို လတ်တလော သက်သာစေဖို့က အကိုက်အခဲ ပျောက်ဆေးတွေက မြန်ဆန်တဲ့ ထိရောက်မှု ရှိပါတယ်။ ဆရာဝန်က လိုအပ်တဲ့ ဆေးဝါးကုသမှု ပေးထားချိန်မှာ အနာသက်သာနေမှ ပျောက်ကင်းမှု ပိုမြန်မှာဖြစ်လို့ အကိုက်အခဲ ပျောက်ဆေးက လိုအပ်ပါတယ်။ တချို့ဆိုရင် သွားကိုက်ဝေဒနာကြောင့် သွေးတိုးတက်လာတာတွေ ရှိနိုင်တဲ့အတွက်လည်း ပါပါတယ်။ 

(၄) ရေအေးဝတ် ကပ်ပေးပါ

 ရေခဲတုံးကို ပတ်ထားတဲ့ သို့မဟုတ် ရေအေးဆွတ်ထားတဲ့ အဝတ်လေးနဲ့ ကိုက်နေတဲ့သွားဘေးက ပါးတစ်ခြမ်းကို ကပ်ပေးပါ။ အအေးဓာတ်က နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ ရေခဲတုံးနဲ့ တိုက်ရိုက်မကပ်ပါနဲ့။ ပါးမှာရောင်နေတယ်ဆိုရင် ရောင်တဲ့နေရာမှာ ရေခဲဝတ်နဲ့ ဖွဖွပွတ်ပေးပါ။ 

(၅) သွားမှန်မှန်တိုက်ပါ 

သွားကိုက်နေလို့၊ ရောင်နေလို့၊ အထိမခံနိုင်လို့ဆိုပြီး သွားမတိုက်ဘဲ နေတာမျိုး မလုပ်ပါနဲ့။ ခံတွင်းထဲက ပိုးမွှားတွေကြောင့် သွားကိုက်ဝေဒနာ ပိုဆိုးစေနိုင်တာကြောင့် နာနေတဲ့သွားကိုရှောင်ပြီး ခပ်ဖွဖွလေး သွားတိုက်ပေးပါ။ 

ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲ 

သွားပိုးစားခြင်း၊ ပိုးဝင်ခြင်းကြောင့် သွားကိုက်တာဆိုရင် တဖြည်းဖြည်းသက်သာနိုင်ပေမယ့် တော်တန်ရုံ မသက်သာဘဲ တအားရောင်ရမ်းလာတာ၊ သွားအရမ်းပျက်စီးနေတာဆိုရင် ဆရာဝန်ပြဖို့ လိုနေပါပြီ။ ဒီလက္ခဏာတွေဖြစ်လာရင် ချက်ချင်းကုသမှုခံယူပါ – 

အဖျားတက်ပြီး ချမ်းတုန်လာတာ (ပိုးဝင်တဲ့ အခြေအနေ ပြင်းထန်လာပြီး လက္ခဏာ ပိုဆိုးလာတာ ဖြစ်ပါတယ်) 

ပြည်တည်လာတာ 

ဆေးသောက်တာတောင် မသက်သာဘဲ မခံမရပ်နိုင်အောင် နာကျင်လာတာ

 • ကိုက်တဲ့သွားက အံဆုံးဖြစ်နေတာ 

အစာ မျိုချလို့မရတာ ဆိုရင် ကုသမှုခံယူပါ။