သဲကုန်းမြို့နယ်၌ ပညာပါရမီ အခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းသစ်ဖွင့်

သဲကုန်း   ၃   ဇွန်

 

ဆင်းရဲနွမ်းပါးသော ကလေးငယ်များ၊ မိဘမဲ့ကလေးများနှင့်  အနီးပတ်ဝန်းကျင်မှ မြို့ပေါ်သို့ ကျောင်းသွားတက်ရန် အခက်အခဲရှိသော ကျောင်းသား ကျောင်းသူများအတွက် သဲကုန်း၌ ပညာပါရမီ အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းသစ် ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် ရေစုပ္ပင်ကျေးရွာ သာသနာ့ပါလ ပရဟိတကျောင်းအတွင်းရှိ အဆိုပါ ကျောင်းဆောင်သစ် ပညာပါရမီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ကျောင်းဆောင်သစ်အား ပညာပါရမီ အခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း ဦးစီးပဓာနနာယက ဆရာတော် ဒေါက်တာအရှင်ဣန္နက၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တိုင်းပညာရေးမှူး ဦးတင်မောင်လတ်နှင့် ကျောင်းကော်မတီဥက္ကဋ္ဌ ဒေါ်စုစုအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကျောင်းဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

 

 

အခမ်းအနားတွင် ဆရာတော် ဒေါက်တာအရှင်ဣန္နက က သြဝါဒကထာ ချီးမြှင့်ပြီး ကျောင်းကော်မတီဥက္ကဋ္ဌ ဒေါ်စုစုအောင်က အခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်နိုင်ဦး၊ တိုင်းပညာရေးမှူး ဦးတင်မောင်လတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မင်းနှင့် မြို့နယ်ပညာရေးမှူး ဦးအေးကျော်တို့က အမှာစကားပြောကြားခဲ့သည်။

 

 

ကျောင်းဆောင်သစ်ကို ကာလတန်ဖိုး ကျပ်သိန်း ၈၀ဝ ခန့် အကုန်အကျခံဆောက်လုပ်ခဲ့ကာ အလျားပေ ၁၀ဝ နှင့် အနံ ပေ ၃၀ ရှိ RC နှစ်ထပ် ကျောင်းဆောင်သစ်ဖြစ်ပြီး အနီးအနားပတ်ဝန်းကျင်ရှိ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေးအတွက် များစွာအထောက်အကူ ပြုဖြစ်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပညာပါရမီအခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းကို ရေစုပ္ပင်ကျေးရွာ သာသနာ့ပါလ ပရဟိတကျောင်းဆရာတော်နှင့် ကျောင်းအကျိုးတော်ဆောင်  ဦးသိန်းဝင်း- ဒေါ်စုစုအောင်တို့၏ ဦးဆောင်မှုဖြင့် ကျောင်းအလှူရှင် ဦးစူး-ဒေါ်ရွှေစင် (မိသားစု)တို့က ပရဟိတကျောင်းများမှ မိဘမဲ့နှင့် ဆင်းရဲနွမ်းပါးသော ကလေးငယ်များနှင့်  အနီးပတ်ဝန်းကျင်မှ မြို့ပေါ်သို့ ကျောင်းသွားတက်ရောက်ရန် အခက်အခဲရှိသော ကျောင်းသား ကျောင်းသူများအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

သန်းထွန်းအောင်(ပြန်/ဆက်)