သဘာဝအလှစစ်တွေနဲ့ ပအိုဝ်းတို့ နယ်မြေ အပိုင်း(၁)

With Those Natural Beauties From Pao’s Land

Thiha, the Traveller @ သီဟလုလင်

 

ပအိုဝ်းတို့နယ်မြေ ပင်လောင်းမြို့ကို ကျွန်တော်ရောက်ခဲ့တာ အတော်ကြာပြီ။ ရေးဖို့အားယူရင်းနဲ့ တခြားသောမြို့လေးတွေ ရေးဖြစ်လို့ တဖြည်းဖြည်း နောက်ရွှေ့လာရင်း ခုမှ ရေးဖြစ်တော့တယ်။ ပင်လောင်းမြို့လေးက သိပ်လှတယ်လို့ ရောက်ဖူးသူတိုင်းက ပြောကြပေမယ့် ကျွန်တော့်မျက်စိထဲ ပုံဖော်မရဘူး။ မြန်မာနိုင်ငံရဲ့ ဒေသတော်တော်များများကတော့ သဘာဝအတိုင်း လှနေကြတာများတာမို့ သူလိုကိုယ်လို အလှပဲဖြစ်မယ် ထင်မိတယ်။ တကယ်တမ်းတော့ ပင်လောင်းဒေသရဲ့အလှဟာ တည်ငြိမ်အေးချမ်းပြီး ဂုဏ်သိက္ခာရှိတဲ့ အလှမျိုးဗျ။

ပင်လောင်းမြို့ ဆိုသည်မှာ

အရင်ကစော်ဘွားတွေအုပ်ချုပ်ခဲ့တဲ့ ဒေသ တစ်ခုပေါ့။ လွယ်လုံနယ်လို့လည်း ခေါ်ကြတယ်။ ခုတော့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု ဖြစ်နေပါပြီ။ ရှမ်းပြည်နယ် တောင်ပိုင်းမှာတည်ရှိပြီး တောင်ကြီးမြို့ကဆို မိုင် ၅၀ လောက် ကွာဝေးပါတယ်။ စဝ်မိုးကျော် ကတော့ ပင်လောင်း (ယခင် လွယ်လုံ) ဒေသရဲ့ နောက်ဆုံးစော်ဘွားဖြစ်ခဲ့ပြီး ၁၉၅၉ ခုနှစ် ဧပြီ ၂၉ မှာ အာဏာစွန့်ခဲ့တယ်လို့ သိရပါ တယ်။ မြို့ရဲ့ ပုံစံက ဒယ်အိုးပုံစံပါ။

 

1

 

ရာသီဥတု

ပင်လောင်းမြို့ဟာ ပင်လယ်ရေမျက်နှာ ပြင်အထက် ပေ ၄၈၂၀ မှာရှိတာမို့ ရာသီဥတု လေးက အေးမြပါတယ်။ မိုးရာသီမှာလည်း မိုးများတတ်သေးတယ်။ ကိုယ်တွေလို အပူ ပိုင်း မြစ်ဝကျွန်းပေါ်သားတွေအတွက်တော့ နေပျော်တဲ့ ရာသီဥတုရှိရာ အရပ်ပေါ့လေ။ ဆောင်းတွင်းမှာဆိုရင် တစ်ခါတလေ ရေခဲ တဲ့အထိ ဖြစ်တတ်ပါသေးတယ်။

 

ပင်လောင်းမြို့ကို ဘယ်လိုသွားမလဲ

ပင်လောင်းမြို့က ကြားမြို့လေးလို ဖြစ်နေ တော့ သွားရတာနည်းနည်းတော့ ထောက် သား။ ရန်ကုန်ကနေဆို လွိုင်ကော်ကားစီးကြရ တာများတယ်။ အဲဒီတော့ ပင်လောင်းကို ကားဝင်ရင် ည ၂:၃၀၊ ၃:ဝ၀ တို့လို အချိန်မှာ ဝင်တာ။ နေပြည်တော် ကင်းသာဘက်က နေလည်း လာလို့ရသေးတယ်။ လေယာဉ်ပျံနဲ့ ဆို ဟဲဟိုးမှာဆင်းပြီး နှစ်နာရီလောက် ကားနဲ့ ပင်လောင်း ပြန်သွားရတာပါပဲ။

 

ပင်လောင်းနဲ့ အနီးတစ်ဝိုက် လည်ပတ်စရာ

ပင်လောင်းမြို့ထဲမှာတော့ လည်ပတ် စရာ နည်းနည်းရှိပြီး များသောအားဖြင့် ပင်လောင်းကနေ ကားလေးနဲ့ မြို့ပြင်ထွက် ရွာတွေ၊ တောင်တွေ၊ တောတွေဆီ ခြေဆန့် ကြရပါတယ်။ ပင်လောင်းမှာ သဘာဝဝန်းကျင်က အတော်စိမ်းလန်းလှပနေဆဲဖြစ်ပြီး ဂူ၊ ရေတံခွန် စတာတွေကလည်း သဘာဝ အတိုင်းနီးပါး ရှိနေကြပါတယ်။ Trekking နဲ့ Hiking တွေအပြင် Rock Climbing လုပ်လို့ ကောင်းတဲ့ နေရာတွေတောင် ရှိတယ်လို့ဆိုပါ တယ်။ ကျွန်တော်လည်ပတ်ဖြစ်ခဲ့တဲ့ နေရာ တွေပဲ အဓိက ညွှန်းဆိုပေးသွားချင်ပါတယ်။

 

ပင်လောင်းဟော်နန်း

ဟော်နန်းက ရှေ့တစ်ပိုင်းလည်းပျက်စီးသွားပြီး နောက်အပိုင်းယိုင်နဲ့နဲ့ နှစ်ဆောင် သစ်သားဆောင်ကြီးပဲ ကျန်တော့တာပါ။ အနီးမှာ ဆွေတော်မျိုးတော် တချို့က သီးသန့် အဆောက်အအုံလေးနဲ့ နေထိုင်ကြပါတယ်။ အပေါ်ထပ် တက်လေ့လာလို့ရပေမယ့် ဖိနပ်နဲ့ တက်တာမျိုး၊ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုတာ၊ မလေးမစားပြုမူသလိုဖြစ်တာ မျိုး မလုပ်မိပါစေနဲ့။ တစ်ခေတ်က ကြီးကျယ် ခမ်းနားခဲ့တဲ့ နန်းဆောင်ကြီးပေမယ့် ဝတ္ထု ဇာတ်လမ်းထက် ဆန်းပြားတဲ့ ဇာတ်လမ်း ရှိခဲ့တဲ့ ဒီဟော်နန်းဟာ အလွမ်းဓာတ်ခံရှိသူ တွေအတွက် မျက်ရည်ဝဲစရာ နေရာဖြစ်မှာပါ။

 

23

 

စော်ဘွားအုတ်ဂူ

စော်ဘွား ဆွေတော်မျိုးတော်တွေရဲ့ အုတ်ဂူကတော့ မြို့လယ်မှာရှိတယ်လို့ ပြောရ မယ့် မွေတော်ဘုရားကြီးရှေ့နားမှာတင် ရှိနေ တာပါ။ ဟိုးခေတ်က အခေါ်အဝေါ်တွေနဲ့ အမည်နာမတွေကို သင်္ချိုင်းမှတ်တမ်းတွေကနေ လေ့လာနိုင်ပါတယ်။

 

မွေတော်ဘုရားကြီး

ကန်သာယာကြီးကို ဖြတ်ပြီးမြင်ရတဲ့ မွေတော်ဘုရားကြီးက ပင်လောင်းမြို့ထဲ ဝင်လာတာနဲ့ ထင်ထင်ရှားရှားကြီး ဖူးမြင် ကြရမယ့် ဘုရားကြီးပါ။ အဝေးကြည့်တင် အတော်သပ္ပာယ်ပါတယ်။ ကန်ဝန်းကျင်မှာ လည်း ပြည်တွင်းပြည်ပဧည့်သည်တွေ ဓာတ်ပုံလာရိုက်ကြတာများတယ်။

 

ပင်လောင်းမြို့မဈေးကြီး

မြို့လယ်မှာ ထင်ထင်ရှားရှားရှိနေပေမယ့် အစည်ကားဆုံးအချိန်က ငါးရက်ဈေးနေ့ အချိန်ပါ။ တခြားမြို့၊ ရွာတွေမှာ မရနိုင်တဲ့ ထူးခြားတဲ့ ရှမ်းရိုးရာအစားအစာတွေရနိုင်တဲ့အချိန်လည်းဖြစ်သလို အဲဒီနေ့ဆိုရင် အနီးဝန်းကျင်က ဆိုင်တွေကအစ ရောင်းအား ကောင်းလို့ စားသောက်ဆိုင်တွေဆိုလည်း အထူးဟင်းလျာလေးတွေ ပြင်ဆင်ရောင်းချ တတ်ကြပါသေးတယ်။ ခေါဝ်းစွပ်ပြားဆိုတဲ့ အမဲသားထမင်းဝါပြားကို အထူးစားသောက် ကြပါတယ်။ လည်ပတ်တဲ့အချိန် ဈေးနေ့နဲ့ ကြုံကြိုက်မယ်ဆို မြည်းစမ်းကြည့်လှည့်ပါနော်။

 

လွယ်မောင်းတောင်

ပင်လောင်းမွေတော်ဘုရားကြီးဘေးကလမ်းအတိုင်းတက်သွားရင် လွယ်မောင်းတောင် ကို ရောက်ပါမယ်။ ပင်လောင်းမြို့မှာ အမြင့်ဆုံး တောင်လည်းဖြစ်ပါတယ်။ လွယ်မောင်းတောင် ဟာ ပေပေါင်း ၆၁၂၄ ပေမြင့်တာမို့ တောင်ထိပ် ရာသီဥတုက အနည်းငယ်ကြမ်းပါတယ်။ မာယာလည်းများတယ်ဆိုရမယ်။ ချက်ချင်း မြူကျ၊ ချက်ချင်းနေပူနဲ့မို့ အစိုးမရတတ်ပါဘူး။ တောင်ထိပ်မှာ ဘုန်းကြီးကျောင်း၊ စေတီတို့ ရှိပြီး ဆက်သွယ်ရေးတာဝါတိုင်လည်း ရှိပါ တယ်။ ဒီတောင်ကို အားကစားသမားတွေက လည်း ကြိုက်တယ်။ တောင်တက်အားကစား အတွက် အဆင်ပြေတယ်။ ကား၊ ဆိုင်ကယ်တို့ နဲ့လည်း တောင်ထိပ်ကို လွယ်လွယ်တက်လို့ ရတော့ မဖြစ်မနေ သွားလည်သင့်ပါတယ်။ တောင်ထိပ်ကနေ အင်းလေးရေပြင်၊ ရှေ့မြင် နောက်မြင်တောင် စတာတွေကို မြင်တွေ့နိုင် ပါတယ်။ လွယ်မောင်းတောင်ကိုတော့ နေဝင် ဆည်းဆာအလှကိုခံစားဖို့ အများဆုံးလာကြ တာဖြစ်တဲ့အတွက် နေဝင်ချိန်အမီ တက်သင့် ပါတယ်။

 

စားလို့ရတဲ့ မြေကြီး

မြေကြီးစားတဲ့ အလေ့ရှိတဲ့ထဲမှာ ဒီနယ် တစ်ဝိုက်လည်း ပါဝင်ပါတယ်။ စားလို့ရတဲ့ မြေကြီးတွင်းကို လွယ်မောင်းတောင်တက် လမ်းရဲ့ လမ်းဘေးတစ်နေရာမှာ တွေ့မြင်နိုင်ပါတယ်။ မိုးတွင်းမှာတော့ မိုးများရင် ခွဲခြားရ ခက်ပေမယ့် မိုးကင်းတဲ့ကာလတွေမှာ အလွယ်တကူ ခြစ်ယူစားသုံးနိုင်ပါတယ်။ ကျွန်တော်လည်း သေချာညွှန်ပြဖို့ ခက်နေတော့ ပင်လောင်းရောက်ရင် ဒေသခံလမ်းညွှန်တွေနဲ့ ဆက်သွယ်ပြီး စားလို့ရတဲ့ မြေကြီးအကြောင်းကို မေးမြန်းမြည်းစမ်းခဲ့စေချင်ပါတယ်။ ရွာတွေ မှာတော့ မီးခိုးကျပ်တိုက်ပြီး အဆာပြေမုန့်ပုံစံ စားလေ့ရှိကြပါတယ်။

 

နန်းဟူးဘုရား

မြို့တွင်းမှာ မြို့ကို အပေါ်စီးကနေ အနီး ကပ် မြင်လို့ရတာက နန်းဟူးဘုရား တောင်ပေါ် ကပါ။ မြို့နဲ့ နီးနီးစပ်စပ်မှာပဲရှိနေတဲ့ ပင်တလဲ ကျိုက်ထီးရိုးဘုရားဟာလည်း ပင်လောင်းမြို့ ကို အမြင့်ကနေလှမ်းမြင်ရတဲ့ ပုံစံမျိုးမို့ ရှုခင်း ကောင်းတယ် ဆိုရမယ်။

 

ပင်လောင်းရောက်မှတော့ လုံးနဂါးပတ် ဘုရားကို အရောက်လည်သင့်ပါတယ်။ လမ်းခရီးက တစ်လျှောက်လုံးကြည့်မဝတဲ့ အလှတွေ ရှိနေတယ်။ အချို့ကျောက်ဆောင်လေးတွေဆိုအလယ်မှာ လမ်းလေးပေါက်ပြီး ဓာတ်ပုံရိုက်ဖို့ သိပ်လှနေတာ။ လုံးနဂါးပတ်ဘုရားရဲ့ သမိုင်းကလည်း ဒဏ္ဍာရီလိုလို ဘာလိုလိုနဲ့မို့ ပြောမပြတော့ဘဲ ချန်ထားခဲ့ပါရစေ။ ဓာတ်ပုံ ရိုက်ဖို့တော့ အတော်လှပါတယ်။ မုဆိုးခြေရာလို့ ယူဆရတဲ့ ခြေရာပုံစံကြီးတစ်ခုကိုလည်း ထိန်းသိမ်းထားတာတွေ့ရပါတယ်။ လုံးနဂါးပတ် ဘုရားအနီးမှာပဲရှိတဲ့ နတ်ရေကန်လို့ဆိုကြတဲ့ သစ္စာခရုရေအိုင်က ခရုလေးတွေကို လေ့လာ ရတာလည်း ထူးခြားပါတယ်။ ခရုလေးတွေ တိုင်းဟာဖင်ပြတ်နေကြပေမယ့် ကောင်းစွာ အသက်ရှင်သန်နေကြပါတယ်။ ခရုတိုင်း တစ်ပုံစံတည်း ဖင်ပြတ်နေကြတာက ဒီရေကန် ရဲ့ ထူးခြားမှုတစ်ခုလို့ ဆိုရပါမယ်။

 

6

 

စမကျောက်စာဘုရား

လုံးနဂါးပတ်ဘုရားသွားတဲ့ လမ်းပေါ်မှာပဲ စမကျောက်စာဘုရားဆိုတာ လမ်းဘေး တစ်နေရာမှာရှိပါတယ်။ ကျောက်စာလို့ ပြောကြပေမယ့် ကျွန်တော့်အမြင်တော့ ကျောက်စာထက် တစ်ချိန်ချိန်ကကျောက်ဖြစ် သွားတဲ့ ခရုခွံလေးများလားလို့ သံသယဖြစ်မိ ပါတယ်။ ကြုံရင် လေ့လာကြည့်စေလိုပါတယ်။

 

(ဆက်လက်ဖော်ပြပါမည်)