သဘာဝဘေးအန္တရာယ် ကာကွယ်ရေးမှာ သတင်းမှားယွင်းမှုတွေက အနှောင့်အယှက်ဖြစ်စေ

တွေ့ဆုံမေးမြန်း - သီသီမင်း၊ ဓာတ်ပုံ- ဆုဆု

 

မြန်မာနိုင်ငံတွင် ယခင်နှစ်များထက်ပင် မုတ်သုံအဝင်နောက်ကျရသည့် အကြောင်းအရင်းများ၊ လူမှု ကွန်ရက်စာမျက်နှာနှင့် မက်ဆင်ဂျာတို့တွင် မိုးလေဝသဆိုင်ရာ သတင်းအမှားများ ဖြန့်ဝေနေမှုများနှင့် မိုးလေဝသဆိုင်ရာ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကို မိုးလေဝသပညာရှင် ဆရာကြီး ဒေါက်တာ ထွန်းလွင်နှင့် ကြေးမုံမှ တွေ့ဆုံမေးမြန်းထားသည်များကို ရေးသားဖော်ပြလိုက်ရပါသည်-

 

မေး။ မြန်မာနိုင်ငံမှာ မုတ်သုံအဝင် နောက်ကျရတဲ့ အကြောင်းအရင်းကို သိပါရစေရှင့်။

 

ဖြေ။ ကမ္ဘာ့တောင်ဘက်ခြမ်းက လေတွေက အီကွေတာကိုဖြတ်ပြီးတော့ ကမ္ဘာ့ မြောက်ဘက်ခြမ်းကို လာရတယ်။ ကမ္ဘာ့တောင်ဘက်ခြမ်းမှာတော့ ဒီလေတွေဟာ အရှေ့တောင်လေပါ။ အီကွေတာကိုဖြတ်တော့ ဘင်္ဂလား ပင်လယ်အော်ဘက် ရောက်သွားတော့ အနောက်တောင်လေ ဖြစ်ရတာပါ။ အခုလောလောဆယ်မှာ ကမ္ဘာ့တောင်ဘက်ကနေပြီးတော့ အီကွေတာဖြတ်ပြီးတော့ ဘင်္ဂလား ပင်လယ်အော်က လာတဲ့လေကို မတွေ့ရသေးဘူး။ အမှန်က ဒီအချိန်ဆို အီကွေတာ ဖြတ်ပြီးရုံတင်မကတော့ဘူး၊ မြန်မာပြည်တောင်ဘက်ကို ရောက်ရမှာပါ။ မရောက်ဘူး နောက်ကျနေတယ်။ ဒါက ဖြစ်တတ်တဲ့ သဘာဝပါပဲ။

 

မုတ်သုံဝင်တာ နောက်ကျသလို မိုးနည်းရတဲ့ နောက်အကြောင်းအရင်း တစ်ခုကလည်း မုန်တိုင်းကလည်း လုံးဝမဖြစ်ဘူး။ အမှန်က ဒီအချိန်မှာ မုန်တိုင်းက ဖြစ်ရတော့မှာ။ လေဖိအားနည်းရပ်ဝန်းတောင် မဖြစ်ဘူး။ ကပ္ပလီပင်လယ်ပြင်တစ်ခုလုံးမှာ လေထုမငြိမ်မသက်မှု ဖြစ်တဲ့နေရာလည်းမရှိဘူး၊ မုန်တိုင်းလည်း မရှိဘူးဆိုတော့ မိုးရွာတဲ့ အကြောင်းတရားက အကုန်မရှိသလို ဖြစ်နေတယ်။ မုတ်သုံဆိုတာ အဓိက မိုးရွာတဲ့အကြောင်း။ မုန်တိုင်းဆိုတာ အဓိက မိုးရွာတဲ့ အကြောင်း။ လေမုန်တိုင်းက ဘင်္ဂလားပင်လယ်အော်မှာ မရှိသလို တောင် တရုတ်ပင်လယ်ပြင်မှာလည်း မရှိဘူး။

 

မေး။ မုတ်သုံဝင်ရောက်မှုအခြေအနေက ယခင်အချိန်နဲ့ ယခုအချိန် တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲလာတာများ ရှိပါသလားဆရာ။

 

ဖြေ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကဆိုရင် တနင်္သာရီတိုင်းဒေသကြီးက မေ ၅ ရက်လောက်မှာ ဝင်တယ်။ အခုနောက်ပိုင်း မေ ၁၅ ရက်လောက်မှာ ဝင်တယ်ဆိုတော့ နောက်ကျတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ ပိုနောက်ကျတဲ့ သဘောဖြစ်နေပါတယ်။ ဒါက ရာသီဥတုနဲ့ လေတိုက်တဲ့ စနစ်အရ အပူရှိန် လွန်ကဲတာတွေ၊ ဒီနှစ်ကလည်း လောလောဆယ် ပစိဖိတ်သမုဒ္ဒရာထဲမှာ လာနီညာ ရာသီဥတုကလည်း ဖြစ်နေတာကိုး။ တစ်လောကလည်း အိန္ဒိယသမုဒ္ဒရာထဲမှာ မုန်တိုင်းငယ်က ဖြစ်နေတော့ ကမ္ဘာ့မြောက်ဘက်လာမယ့် လေတွေက မလာနိုင်ဘူး။ မုန်တိုင်းတွေတော့ ကင်းသွားပြီ။ ဒီအပတ်ထဲလောက်တော့ အီကွေတာဖြတ်ပြီး ဝင်လာလိမ့်မယ်လို့ ထင်ပါတယ်။

 

မေး။ အခုရက်ပိုင်းအတွင်း ညပိုင်းအပူချိန်တွေ တိုးလာတာနဲ့ ပတ်သက်လို့လည်း ပြောပြပေးပါ။

 

ဖြေ။ ဒီအချိန်က ပူတဲ့အချိန်ပါပဲ။ ဒါပေမယ့် ခါတိုင်းဆိုရင် မိုးရွာလိုက်၊ တိမ်ထူလိုက်၊ တိမ်ဖုံးလိုက်နဲ့ အပူချိန်က သိပ်မသိသာဘူး။ အပူက သက်သာပါတယ်။ အခုဟာက ပြီးခဲ့တဲ့ တစ်ပတ်လုံးလိုလိုမှာ တိမ်လည်းမရှိဘူး။ မိုးကလည်း တော်တော်လျော့တယ်။ တိမ်မရှိဘူး၊ မိုးမရွာဘူးဆိုရင်တော့ ဒီအချိန်မျိုးဆိုပူတာပဲ။ ဇွန်လလည်း ပူတာပဲ။ အဓိကကတော့ အားလုံးဟာ မုတ်သုံဝင်တာနောက်ကျပြီး မိုးရွာတာ နောက်ကျနေတာ အဓိကအကြောင်းပါ။

 

မေး။ မုတ်သုံဝင်တာနောက်ကျတာနဲ့ပတ်သက်ပြီး နောက်ဆက်တွဲအနေနဲ့ ဘယ်လိုရာသီဥတု ဖြစ်စဉ်တွေ ဖြစ်လာနိုင်ပါသလဲ။

 

ဖြေ။ ဆရာတို့ဆီကိုရောက်မယ့် အနောက်တောင် မုတ်သုံလေဦးက အခုအချိန်အထိကို အလွန်အားနည်းနေတယ်။ အားနည်းနေတော့ မုတ်သုံဝင်တာ ဆရာတို့ မှန်းထားတာထက် မုတ်သုံဝင်ရက်က နှစ်မျိုးဖြစ်နေတယ်။ တစ်မျိုးက ပိုပြီး နောက်ကျသွားနိုင်တယ်။ ဒါမှမဟုတ်ရင် သတ်မှတ်ထားတဲ့ ပြောထားတဲ့အတိုင်း ဝင်လာသည့်တိုင်အောင် အားနည်းနိုင်ပါတယ်။ အဲဒီနှစ်ခုက ဖြစ်နိုင်တယ်။ အခုလည်း မိုးရွာမှုကိုကြည့်ရင် အခုရက် ပါးပါးလေးပဲ ရွာတယ်။ အများအားဖြင့် မိုးမရွာတဲ့ရက်က တော်တော်ရှိတယ်။ မုတ်သုံလေ အဝင်နောက်ကျလိုက်တာနဲ့ ခုနကပြောတဲ့ တိမ်ဖြစ်တာတွေ လျော့မယ်။ မိုးရွာတာလည်း လျော့မယ်။ ဒီလိုဆို သေချာပေါက် တက်လာမှာက အပူချိန်ပဲ။ အပူချိန်ကတော့ ဆက်ပြီးမြင့်မယ့် သဘောရှိပါတယ်။ ဒီနှစ်က စံချိန်မြင့်လောက်အောင် ပူမယ့်သဘောလည်း မဟုတ်ပါဘူး။ ၄၀ ဒီဂရီပတ်ဝန်းကျင်ပါ။ လူတွေ ပူတယ်လို့ ပြောနိုင်တဲ့ အနေအထားမျိုးပါ။ နောက် ခရမ်းလွန်ရောင်ခြည်လည်း နည်းနည်းမြင့်တယ်။ အမှန်က ခရမ်းလွန်ရောင်ခြည်က ကျစပြုနေပြီ။ ဒီကြားထဲမှာ တစ်ခုရှိတာက နည်းနည်းလေး ခံသာတာလေးတစ်ခုက ဆရာပြောပြောနေတဲ့ မိုးတိမ်တောင်လေ၊ မိုးတိမ်တောင်က အမြဲဖြစ်နေတယ်။

 

မေး။ မိုးတိမ်တောင်တွေ ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းက ဘာတွေများလဲဆရာ။

 

ဖြေ။ မိုးတိမ်တောင်တွေ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ အပူရှိနေတယ်။ နောက် ဒီအချိန်ဟာ မြန်မာပြည်ပေါ်မှာ လေထုထဲမှာ ရေငွေ့တွေရှိနေတယ်။ မုတ်သုံ မလာပေမယ့် လေထုထဲမှာ ရေငွေ့တွေက ရှိနေတဲ့အခါကျတော့ ရှိနေတဲ့ လေနဲ့ အောက်က ပူပြင်းတဲ့ လေထုနှစ်ခု ကြုံကြိုက်လို့ရှိရင် ညနေတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ပါတယ်။

 

မေး။ မိုးတိမ်တောင်တွေကြောင့် ဖြစ်နိုင်တဲ့ အကျိုးဆက်က ဘာများလဲရှင့်။

 

ဖြေ။ အဲဒီ မိုးတိမ်တောင်တွေဖြစ်တဲ့အခါမှာ ကောင်းလည်း ကောင်းတယ်။ မကောင်းလည်း မကောင်းဘူး။ သူရှိတဲ့နေရာ မိုးရွာပါတယ်။ မိုးက သင့်တင့်တဲ့ မိုးတော့မဟုတ်ဘူး။ သူရွာရင် တအားရွာချတာမျိုး။ မိုးတိမ်တောင်မိုးမှာ ဘာတွေပါလဲဆိုတော့ လေပြင်းတိုက်တာနဲ့ မိုးကြိုးပစ်တာတွေပါတယ်။ အဲဒါက အပျက်အစီး၊ အသေအပျောက်တွေ ရှိနိုင်တယ်။ မိုးတိမ်တောင်တွေက မိုးတွင်း ညနေပိုင်းတွေမှာဖြစ်တယ်။ နောက် နေရာကွက်ပြီး မိုးရွာတတ်တယ်။ ၁၀ မိုင် ပတ်လည်လောက်ပဲ မိုးရွာတတ်တယ်။ အဆိုးဆုံးကတော့ မိုးတိမ်တောင်က မိုးရွာရင် လေပြင်းတိုက်တာတွေ၊ မိုးကြိုးပစ်တာတွေ ပါတတ်တဲ့အတွက် အန္တရာယ်ရှိတယ်။ အခုလောလောဆယ် အဲဒီလိုမျိုးသွားနေတယ်။ အဲဒါက တစ်နိုင်ငံလုံးလိုလို ဖြစ်မယ့် အခြေအနေမှာ ရှိနေတယ်။

 

မေး။ မုန်တိုင်း ဖြစ်ပေါ်နိုင်တဲ့ အလားအလာရှိပါသလား။ ဖြစ်မယ်ဆိုရင် ဘယ်လလောက်မှာ ဖြစ်နိုင်တယ်ဆိုတာ သိချင်ပါတယ်။

 

ဖြေ။ ဒီနှစ်က မေလအတွင်းမှာ အစဉ်အလာအရ မုန်တိုင်းတစ်လုံးလောက်တော့ ဖြစ်ရမှာပါ။ အခုလောလောဆယ်တော့ ဖြစ်ဖို့လည်း မရှိသေးဘူး။ မေလ နောက်ဆုံးပတ်မှာတော့ မုန်တိုင်းတစ်လုံးလောက်တော့ ဖြစ်လာနိုင်တယ်။ ဘင်္ဂလားပင်လယ်အော်ထဲမှာဖြစ်ရင် သူက ဘင်္ဂလားဒေ့ရှ်ကို သွားဖို့ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ကိုသွားတဲ့အခါမှာ မြန်မာ့ကမ်းရိုးတန်းအနေနဲ့ မုန်တိုင်းဗဟိုချက် ဖြတ်တာကဖြစ်ဖို့ အလားအလာ နည်းပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ကိုဝင်ရင် မြန်မာကတော့ မုန်တိုင်းဒဏ်ခံရတာပါပဲ။ မုန်တိုင်းရဲ့စက်ဝန်းက မြန်မာ့ကမ်းရိုးတန်းကို ဖြတ်သွားမှာ။ ဗဟိုချက်ကသာ မဖြတ်ပေမယ့် မုန်တိုင်းစက်ဝန်းကတော့ မြန်မာကို ဖြတ်မှာဖြစ်တဲ့အတွက် သေချာပေါက်ကတော့ ကမ်းရိုးတန်းဒေသတွေ၊ အထူးသဖြင့် မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်အတွင်းဘက်ကို ဝင်သွားရင်တော့ မကွေးတို့၊ ပဲခူးတို့ကတော့ သတိထား ရမယ့် နေရာတွေပဲ။ အထက်တက်သွားရင် ချင်းတို့၊ စစ်ကိုင်းအထက်တို့ အဲဒါတွေက အများအားဖြင့် မိုးရွာတာ၊ လေတိုက်တာ ဖြစ်တတ်ပါတယ်။ မုန်တိုင်း တစ်လုံးလောက်တော့ မေလ နောက်ဆုံးပတ်မှာ ဖြစ်လာလိမ့်မယ်လို့ ဆရာ ခန့်မှန်းထားပါတယ်။

 

မေး။ မုတ်သုံလေနောက်ကျတဲ့ အတွက် မိုးနည်းရပ်ဝန်းဖြစ်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနဲ့ ကမ်းရိုးတမ်းဒေသတွေမှာ ဖြစ်ပေါ်နိုင်တဲ့ ရာသီဥတု အခြေအနေကို သုံးသပ်ပေးပါဆရာ။

 

ဖြေ။ အဓိကကတော့ တစ်နိုင်ငံလုံးကိုပဲ ထိနိုင်ပါတယ်။ အလယ်ပိုင်းကတော့ အထိခိုက်ဆုံးဖြစ်မှာပါ။ အလယ်ပိုင်းတွေမှာဆိုရင် မုန်တိုင်းဖြစ်မှ မိုးရွာတယ်။ မုတ်သုံဝင်မှ မိုးရွာတယ်။ ဒီကာလမှာ မုတ်သုံကလည်း မဝင်ဘူး။ မုန်တိုင်းကလည်း မဝင်ဘူးဆိုရင် သေချာပေါက် အလယ်ပိုင်းကတော့ ထိခိုက်မှုရှိမှာပါ။ အခုတော့ မန္တလေးတို့၊ မုံရွာတို့မှာတော့ မိုးရွာနေတယ်။ မကွေးတို့မှာလည်း မိုးရွာနေတယ်။ အညာဒေသဆိုတာကလည်း မိုးနည်းနည်းလောက်ရွာလိုက်ရင် တော်တော်ကို အဆင်ပြေတာဖြစ်တဲ့အတွက် မိုးကြာကြာမရွာလည်း ပြဿနာက သိပ်မရှိတာဖြစ်တဲ့အတွက် မိုးနည်းနည်းပဲ ရွာလေ့ရှိတော့ ခံသာလိမ့်မယ်လို့ထင်ပါတယ်။ နောက်တစ်ခုက မုတ်သုံမိုးမျှော်တဲ့နေရာ ကမ်းရိုးတန်းတွေကလည်း အထိုက်အလျောက်တော့ ထိမှာပါ။ ကမ်းရိုးတန်းတွေမှာ တစ်ခုကံကောင်းတာက နေ့နဲ့ ညတိုက်တဲ့လေက အပြောင်းအလဲရှိတယ်။ ပင်လယ်လေ၊ ကုန်းလေတွေရှိတော့ အခု ပါးပါးလေးတော့ မိုးရွာနေပါတယ်။

 

မေး။ ဒီနှစ်က မိုးရွာသွန်းမှု လျော့နည်းမယ့်နှစ်လားဆိုတာ သိချင်ပါတယ်။

 

ဖြေ။ ဒီနှစ်ကတော့ မိုးလျော့နည်းမယ့် နှစ်လို့တော့မဟုတ်ဘူး။ မိုးရွာမယ်လို့ ခန့်မှန်းထားတာရှိတယ်။ လောလောဆယ် မုတ်သုံ အဝင်နောက်ကျတာနဲ့ မုန်တိုင်းမဖြစ်တာ နှစ်ခုတော့ အခက်အခဲတွေ့နေပါတယ်။ အဲဒါကလည်း မကြာခင် ပြေလည်သွားမယ်လို့ ထင်ပါတယ်။

 

မေး။ ဆရာ့ရဲ့ဓာတ်ပုံတွေ၊ နာမည်တွေသုံးပြီး မိုးလေဝသ သတင်းမှားတွေ လူမှုကွန်ရက်စာမျက်နှာနဲ့ မက်ဆင်ဂျာတွေမှာ ဖြန့်နေတယ်လို့ ကြားသိရပါတယ်ရှင့်။ အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး  ဆရာ့အနေနဲ့ အသိပေးပြောကြားလိုတာရှိရင်  ပြောကြားပေးပါရှင့်။

 

ဖြေ။ ဖေ့စ်ဘွတ်ကနေ မုန်တိုင်းကြီးတွေ ဖြစ်လိမ့်မယ်။ ဘာဖြစ်မယ်၊ ညာဖြစ်မယ်သတိထားပါ။ တစ်ခါတလေဆို ရေစုထားပါ။ ဆန်စုထားပါ။ ဒီပို့စ်ကိုရှယ်ပါဆိုပြီး ကြေညာတယ်။ ကြေညာပြီးတော့ သုံးထားတဲ့ပုံတွေက ၂၀၁၆ ခုနှစ် လောက်က ဖြစ်ခဲ့ပြီးတဲ့ ရာနုမုန်တိုင်းရဲ့ စာသားတွေကို ယူသုံးထားပါတယ်။ မသမာမှု နှစ်ခုလုပ်တာပါ။ ပထမတစ်ခုက အဲဒီ သတင်းတွေကို မေ ၂၂ ရက်လို့ ပြောတယ်။ ဧပြီ ၂၂ လို့ ပြောတယ်။ ခုနှစ် မထည့်ဘူး။ နောက်တစ်ခုက လူတွေယုံအောင်လို့ အဲဒီသတင်းတွေထဲမှာ ဆရာ့ပုံကို သုံးတယ်။ ဆရာပြောတယ်ဆိုပြီး လုပ်တယ်။ နောက်တစ်ခါ လူတွေပိုကြောက်သွားအောင် နာဂစ်မုန်တိုင်းတုန်းက ပုံကြီး သုံးထားတယ်။ ခဏခဏ ပြောင်ပြောင်တင်းတင်းကြီး လုပ်နေတယ်။ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးမှာလည်း ဒီလို သတင်းမှားယွင်းမှုတွေက အနှောင့်အယှက်ဖြစ်စေပါတယ်။ လူတွေ အထိတ်တလန့်ဖြစ်အောင် ဆူပူမှုဖြစ်အောင်လုပ်ရင် အရေးယူမယ်ဆိုတာ ဥပဒေကလည်း ပြဋ္ဌာန်းပြီးဖြစ်တယ်။ အခု ဒီလူတွေကတော့ ပြောင်ပြောင်တင်းတင်း လုပ်နေတာ။ အဲဒါကို အမြန်ဆုံးဖော်ထုတ်ပြီး အရေးယူဖို့ လိုပါတယ်။ ပိုဆိုးတာက ဖေ့စ်ဘွတ်ပေါ်တင်လိုက်ရင် နားလည်တဲ့လူက ဝင်ပြောရင် မဟုတ်မှန်းသိပါတယ်။ သူက အဲဒီလိုနည်းမသုံးတော့ဘဲ မက်ဆင်ဂျာကနေ တစ်ယောက်ချင်းဆီကို လိုက်ပို့တာ။ ပြန်ရှယ်ခိုင်းတာတွေ လုပ်နေတာတွေ့ရတယ်။

 

ရည်ရွယ်ချက်ရှိရှိကို လုပ်နေတာဖြစ်တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဒါကို ဖော်ထုတ်ပြီး အရေးယူမှုတွေ လုပ်သင့်တယ်လို့ ပြောချင်ပါတယ်။ အစစ်အမှန် လုပ်နေတဲ့လူနဲ့ မဟုတ်တာ လုပ်တဲ့လူမှာ မဟုတ်တာလုပ်တဲ့လူကို ယုံသွားမိရင် တိုင်းပြည်မှာလည်း အလွန်နစ်နာတယ်။ ပြည်သူက သံသယတွေရှိပြီး အစစ်လား၊ အတုလား မခွဲနိုင်တဲ့ အခါကျတော့ အရေးကြုံလာလို့ သတိပေးပြောတဲ့အခါ ပြေးရမယ်ဆိုတာကို ပြေးချင်မှ ပြေးမယ်ဆို ပြည်သူတွေ နစ်နာလိမ့်မယ်။ ဒါကြောင့် ဒါမျိုးတွေကို ဖော်ထုတ်အရေးယူ သင့်တယ်လို့ ပြောချင်ပါတယ်။

 

ကြေးမုံ