သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မဖြင့် အရေးယူခြင်းခံရသူအား အလုပ်နှင့်ထောင်ဒဏ်ချမှတ်

တံတားဦး ၁၀  ဧပြီ 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ချောင်းခွနယ်မြေရဲစခန်းအပိုင်  စပါးတွင်းကျေးရွာတွင် ၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မဖြင့် အရေးယူခြင်းခံရသူအား ဧပြီ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီက အလုပ်နှင့် ထောင်ဒဏ် အမိန့်ချမှတ်ကြောင်း မြို့နယ်တရားရုံးမှသိရသည်။

ဖြစ်စဉ်မှာ စပါးတွင်းကျေးရွာအုပ်စု စပါးတွင်းကျေးရွာနေ ရပ်မိရပ်ဖဖြစ်သူ ဦးမာကျော့(၅၀)နှစ်သည် နေအိမ်၌ ဦးမာကျော့နှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ခံ ဦးကျော်သူဝင်း(၃၃)နှစ်တို့က ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် အများပြည်သူသိရှိစေရန်  ဦးမာကျော့နေအိမ်တွင်  အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်နေစဉ် တစ်ရွာတည်းနေ စိုးနိုင်(၄၉)နှစ်သည် အရက်သေစာသောက်စားမူးယစ်လာပြီး ညအချိန်မတော်ဘာလို့ကြေညာနေတာလဲဟု ပြောဆို၍ ဦးမာကျော့နေအိမ်ကို ခဲဖြင့်ထုပြီး နှောင့်ယှက်ခဲ့ဖြင့် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးသီဟအောင်မှ  ချောင်းခွနယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့သည်။

ဖြစ်စဉ်ကြောင့် စိုးနိုင်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉပဒေအရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၆)လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ရဲတင့်