သဘာဝဘေးကို ကြိုတင်ပြင်ဆင်ကျော်လွှား

၁၅ ဇူလိုင်

မိုးရာသီကာလတွင် ရေကြီးရေလျှံမှုဒဏ်ကို မြန်မာနိုင်ငံသာမက အခြားနိုင်ငံများလည်း   နှစ်စဉ်လိုလို ကြုံတွေ့ခံစားနေရသည်။   လက်ရှိတွင်ကမ္ဘာမြေ၏ကုန်းမြင့်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းနေပြီး ရေကြီးရေလျှံမှုများ ဖြစ်နေသည်။ ပြီးခဲ့သည့်  သီတင်းပတ်အတွင်း   မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ကမ္ဘာ့အမြင့်ပိုင်း အိန္ဒိယ၊ နီပေါနှင့် တရုတ်နိုင်ငံဒေသအများအပြားမှ ပြည်သူများ ရေဘေးဒဏ်ခံကြရသည်။

မိုးရေတို့၏သဘာဝမှာ မြင့်ရာမှနိမ့်ရာသို့ စီးဆင်းတတ်သည်ဖြစ်ရာ   နောင်ရက်များမကြာမီ  နိမ့်ရာအရပ်များသို့   တဖြည်းဖြည်းရွေ့ဆင်းပြီး မြစ်ချောင်းပတ်ဝန်းကျင်ဒေသများ၌  ရေကြီးရေလျှံမှုဖြစ်လာမည်ကို ကြိုတင်မြော်တွေး၍ လိုအပ်သည်များကို ပြင်ဆင်စီမံလုပ်ကိုင်ထားရမည်ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံအထက်ပိုင်းရှိ ဧရာဝတီ၊ ချင်းတွင်းမြစ်ဖျားပိုင်းတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ပြည်သူများ ရေလွတ်ရာ သို့ရှောင်ရှားနေရသည်။

ဧရာဝတီနှင့်ချင်းတွင်းမြစ်ဖျားပိုင်းရှိ မြစ်ရေတို့သည် စိုးရိမ်ရေမှတ်သို့ရောက်ရှိလုနီးဖြစ်နေပြီး မြို့ပေါ်နှင့် ကျေးရွာများ၏ အနိမ့်ပိုင်းအရပ်များရှိလူနေအိမ်များအတွင်း ရေများဝင်ရောက်လာမှုကြောင့် ရေလွတ်ရာ သို့ရွှေ့ပြောင်းနေကြရသည်။ တောင်ကမ်းပါးယံများပြိုကျခြင်း၊ ကျေးရွာချင်း ဆက်တံတားများ၊      ချောင်းကူးတံတားများပြိုကျခြင်း၊    လူသွားလမ်း၊   ကားလမ်းများရေကျော်ခြင်းတို့ဖြစ်ပွားနေရာ       ဒေသခံပြည်သူများ သွားလာရေး အခက်အခက်ခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သောဒေသများတွင် သက်ဆိုင်ရာ  အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရေဘေးကယ်ဆယ်ရေးပူးပေါင်း အဖွဲ့များက  မြစ်ကမ်းအနီးကျေးရွာများသို့ သွားရောက်၍  ပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရေး သတိပေးနှိုးဆော်မှုများ စဉ်ဆက်မပြတ်ပြုလုပ်နေသည်။    ရေဘေးသင့်ဒေသများ၌    သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်၊ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှု ဦးစီးဌာနနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများက  ရေဘေးသင့်အိမ်ထောင်စုများအား  ကယ်ဆယ်ရေးစခန်းများသို့  ပြောင်းရွှေ့ပေးပြီး  လိုအပ်သည့်   ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့တွင်   ရေဘေးအန္တရာယ်မှာ အတိုင်းအတာအားဖြင့်   ကြီးမားကျယ်ပြန့်လှသဖြင့်  ထိခိုက်နစ်နာ ဆုံးရှုံးမှုများ နှစ်စဉ်များပြားလှသည်။ လူနေအိမ်များ၊ စိုက်ပျိုးမြေများနှင့်မွေးမြူရေးတိရစ္ဆာန်များ   ထိခိုက်ပျက်စီးဆုံးရှုံးမှုများ  ရှိသည်။ ထို့ကြောင့်ထိခိုက်ဆုံးရှုံးနစ်နာမှု  လျော့နည်းနိုင်သမျှ   လျော့နည်းနိုင်ရန်အတွက်မဖြစ်ခင်က ကြိုတင်ပြင်ဆင်ရှောင်ရှားနိုင်ရန်    မြစ်ရေ၊ ချောင်းရေတို့ကိုစောင့်ကြပ်ကြည့်ရှု၍  ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်သည်။  အထူးသဖြင့် ဆည်တမံများအား  စောင့်ကြပ်ကြည့်ရှုမှုနှင့် ထိန်းသိမ်းမှုတို့ကိုအရှိန်မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်သည်။ 

ကြီးမားသော  ရေဘေးသင့်ဒေသများသို့ ကယ်ဆယ်ရေးအဖွဲ့များ  ပိုမိုဖြန့်ကြက်ရန်နှင့် ပြင်းထန်သော ဘေးအန္တရာယ်များအတွက် အရေးပေါ်အစီအမံများကို သက်ဆိုင်ရာဌာန များနှင့် လက်တွဲဆောင်ရွက်ရမည်ဖြစ်သည်။


သဘာဝဘေးဆိုသည်မှာ   ရာသီဥတုဖောက်ပြန်ခြင်းကြောင့်ဟုသတ်မှတ်၍မရတော့ဘဲ  ကမ္ဘာ့ရာ သီဥတုပြောင်းလဲမှုကြောင့် နှစ်စဉ်မလွဲမသွေကြုံတွေ့ရမည့်  သဘာဝဘေးအမျိုးမျိုးဖြစ်နေရာ  နိုင်ငံတော်အစိုးရ၏  သဘာဝဘေးကာကွယ်ရေးအစီအမံများနှင့်အညီ   သက်ဆိုင်ရာ  အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုတို့က ကြိုတင်ပြင်ဆင် သတိဝီရိယစိုက်ထုတ်၍ ကြိုးပမ်းအားထုတ်ခြင်းဖြင့် သဘာဝဘေးဒဏ်မှ လျော့ပါးသက်သာအောင်  လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။ မဖြစ်ပေါ်မီ၊ ဖြစ်ပေါ်နေစဉ်၊ ဖြစ်ပေါ်ပြီး တုံ့ပြန်ဆောင်ရွက်မှုများကိုထိရောက်စွာဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ  သဘာဝဘေးဟူသည်  ပြည်သူများ  နှစ်စဉ်မလွဲမသွေအနည်းနှင့်အများ နည်းအမျိုးမျိုးဖြင့် ကြုံဆုံရမည့်အရေးဖြစ်၍ ပြည်သူများ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲမဖြစ်စေရေး၊ ဘေးအန္တရာယ်များလျော့ပါး သက်သာစေရေးအတွက်  ကြိုတင်သတိပေးစနစ်၊  ကြိုတင်ပြင်ဆင်စီမံခန့်ခွဲမှုစနစ်၊    နောက်ဆက်တွဲ    ကာကွယ်စောင့်ရှောက်မှုစနစ်များဖြင့်ပြည်သူများအတွက်   အသိပညာပေးရေးလုပ်ငန်းများကို   လက်တွဲညီညီတွဲဖက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။              ။

ကြေးမုံ