သဘာဝသရုပ်ဆောင်မင်းသားနှင့် စွယ်စုံရမင်းသမီးတို့အပြိုင် သရုပ်ဆောင်ထားသည့် ကောလိပ်ဂျပိုး

၇ ဖေဖော်ဝါရီ

 

ဂျပိုး (ခေါ်) ကိုသိန်းဖေ (ခေါ်) မြင့်မြတ်နှင့် ကစ်ကစ် (ခေါ်) မအေးစိန် (ခေါ်) ဝတ်မှုံရွှေရည်တို့၏ ပထမဦးဆုံး ဆုံတွေ့ကြသော ကောလိပ်ဂျပိုး ရုပ်ရှင်ဇာတ်ကားကြီး ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ရုံတင်ပြသတော့မည်ဟု သိရသည်။

 

 

အဆိုပါဇာတ်ကားကို လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး ) က ဖန်တီးကာ သရုပ်ဆောင် များစွာ ပါဝင်ထားကြောင်း သိရသည်။

 

''ဇာတ်ကားကတော့ အချစ်ဟာသ ဇာတ်ကားအမျိုးအစားလေးပါ၊ ကျွန်တော် ဟာသကားလေးတွေ တော်တော်များများ ရိုက်ဖူးပါတယ်၊ ဒီကားထဲက ကာရိုက်တာ ပုံစံလေးနဲ့တော့ မတူဘူးပေါ့နော်၊ နည်းနည်းထူးခြားတဲ့ ကာရိုက်တာလေးပါ၊ ကစ်ကစ်နဲ့ကလည်း တစ်ခါမှတွဲပြီး သရုပ်ဆောင်ထားတာ မရှိ သလောက်ပါပဲ၊ ကျောင်းသား လူငယ်ပုံစံကားလေးတွေ ဗီဒီယိုကား တော်တော်များများတော့ ရိုက်ခဲ့ဖူးပါတယ်၊ ဒီကားထဲမှာက ထီးတစ်လက်နဲ့ မျက်မှန် အထူကြီးတပ်ပြီး ကျောင်းမှာ ကိုယ်ကြိုက်တဲ့ မိန်းကလေးကို လိုက်ပိုးပန်းတဲ့သူပေါ့နော်၊ ဇာတ်လမ်းက ဒီလိုပါ၊ ကိုသိန်းဖေနယ်ကနေ ရန်ကုန်မြို့မှာ တက္ကသိုလ်တက်ဖို့ ရောက်လာခဲ့တယ်၊ ရန်ကုန်ရောက်တာနဲ့ အဆောင်နေဖို့ အဆောင်ရှာတော့ သူငယ်ချင်းဖြစ်သူကို အကူအညီ တောင်းခဲ့တယ်၊ ဒါပေမယ့် သူငယ်ချင်းက အဆောင်လိုက်ငှားဖို့ ရောက်မလာခဲ့ဘူး၊ အဲ့ဒါနဲ့ သူငယ်ချင်းကို လိုက်ရှာဖွေရင်းနဲ့ မထင်မှတ်ထားဘဲ ကျောင်းမှာ ကျွန်တော့်ထက် အသက်ကြီးတဲ့ ကျောင်းသားဟောင်းတွေနဲ့ တွေ့ဆုံရတယ်၊ အဲ့ဒီလူတွေကို သင်ခန်းစာ ပေးမယ်ဆိုပြီး အကြံထုတ်ရင်း မထင်မှတ်ဘဲ ကျောင်းဆရာကို ကျောင်းသားဟောင်းထင်ပြီး ပညာပေးမိခဲ့တယ်၊ သူ့လက်ချက်ပေါ်သွားမှာ ကြောက်ပြီး ထွက်ပြေးရင်း မအေးစိန်ဆိုတဲ့ အမျိုးသမီးလေးနဲ့ ရုတ်တရက်ဝင်တိုက်မိပြီး ကိုသိန်းဖေ ရင်ခုန်ခဲ့ရတာပေါ့နော်၊ ကိုသိန်းဖေတစ်ယောက် မအေးစိန်ကို ချစ်မိသွားခဲ့ပြီး သူ့နောက်ကနေ တကောက်ကောက်လိုက်ရင်းနဲ့ ဟာသ ဖြစ်ရပ်လေးတွေနဲ့အတူ အချစ်လေးတွေပါ ထည့်ထားတဲ့ ကားတစ်ကားပါ၊ ဇာတ်လမ်းလေးက သာမန် ဇာတ်ကားလေး ဆိုပေမယ့် ရန်ကုန် တက္ကသိုလ်ကြီးကို နောက်ခံထား ရိုက်ထားတာတွေ၊ ကျောင်းသားတွေရဲ့ သဘာဝကျကျ သရုပ်ဆောင်မှုတွေကို ဒီကားမှာ မြင်ရမှာပါ''ဟု မြင့်မြတ်က ပြောသည်။

 

အဆိုပါ ဇာတ်ကားသည် သတင်းစာဆရာ၊ စာရေးဆရာကြီး ဇဝန၏ဝတ္ထုကို အခြေပြုကာ နှစ်ပေါင်းများစွာ ပိတ်ထားသော ရန်ကုန်တက္ကသိုလ် ကျောင်းကြီးကို နောက်ခံထားပြီး ရိုက်ထားသော အချစ်၊ ဟာသ၊ အလွမ်းဇာတ်ကားကြီးဖြစ်ပြီး တစ်ချိန်က ယင်းကျောင်းတွင် ပညာသင်ကြားခဲ့သော ကျောင်းသားများကို ပြန်လည်အမှတ်ရစေမည့် ရည်ရွယ်ချက်ဖြင့် ရိုက်ကူးထားသော ဇာတ်ကားဟု သိရသည်။

 

ကိုလင်း